သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ သူဟာ ယခင် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ လျှို့ဝှက်အဆင့်သတင်းအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခွင့်ဖြစ်တဲ့ လုံခြုံရေးခွင့်ပြုချက်ကို ရုပ်သိမ်းပြီး နေ့စဉ်ထောက်လှမ်းရေးအချက်အလက်တွေ ဘိုင်ဒင့်ဆီပေးပို့မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။
“ဂျိုးဘိုင်ဒင်ဟာ လျှို့ဝှက်အဆင့်သတင်းအချက်အလက်တွေကို ဆက်လက်ဝင်ရောက်ကြည့်ရှုဖို့ မလိုအပ်တော့ပါဘူး” လို့ ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းပေါ်မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာ ပြောထားတာပါ။ “ဒါကြောင့် ကျွန်တော်တို့ဟာ ဂျိုးဘိုင်ဒင်ရဲ့ လုံခြုံရေးခွင့်ပြုချက်တွေကို ချက်ချင်းရုပ်သိမ်းပြီး သူ့ဆီ နေ့စဉ်ထောက်လှမ်းရေးအချက်အလက်ပေးပို့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။”လို့လဲ ထရမ့်ကဆိုပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ထရမ့်ရဲ့ ဇန်နဝါရီ ၆ ကက်ပီတိုစီးနင်းမှု အရေးအခင်းနဲ့ပတ်သက်ပြီး “အပြုအမူမမှန်တာတွေ” လို့ ဘိုင်ဒင်က ထရမ့်အပေါ် ပြောဆိုခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ လုံခြုံရေးခွင့်ပြုချက်တွေကို ရုပ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။
ထရမ့်က ဒီအချက်ကို ဖုံးကွယ်ဖို့ ဘယ်လိုမှ မကြိုးစားခဲ့ပါဘူး။ သူက ဘိုင်ဒင်ကို ဘယ်လုံခြုံရေးချိုးဖောက်မှုနဲ့မှလဲ မစွပ်စွဲခဲ့ပါဘူး။ ဒါပေမယ့် လျှို့ဝှက်အဆင့်သတင်းအချက်အလက်တွေကို ဆက်လက်ဝင်ရောက်ကြည့်ရှုဖို့ “မလိုအပ်ဘူး” လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက ထရမ့်ကို အချက်အလက်ပေးပို့မှုတွေ မပေးဖို့ ဘိုင်ဒင်က ပြောခဲ့တဲ့ အတိုင်း အတိအကျ ပြောခဲ့တာဖြစ်ပါတယ်။
“ဂျိုး၊ “အမေရိကန်ကို ပြန်လည်ကြီးပွားတိုးတက်စေဖို့အတွက် မင်းကို အလုပ်ကနေ ထုတ်လိုက်ပြီ”လို့ ထရမ့်က ရေးသားခဲ့ပါတယ်။
