ဂျိုင်းမြစ်ဝှမ်းဒေသရှိ ဒေသခံစစ်ရှောင်ပြည်သူများအတွက်အထောက်အကူပြုနိုင်ရေး ကဏ္ဍ(၈)ခုဖြင့်လုပ်ဆောင်မည်

0
119

ဂျိုင်းမြစ်ဝှမ်းဒေသများဖြစ်သော ဓမ္မသ၊ သံကလောင်၊ကော့သပ်၊တရနာစသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၁၁)ရွာရှိ ဒေသခံစစ်ရှောင်ပြည်သူများအတွက် အထောက်အကူပြုနိုင်ရေး ကဏ္ဍ(၈)ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် မွန်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် ဒေသတွင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဖွဲ့စည်းကာ စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် ဒေသတွင်း ပြန်လည်ထူထောင်ရေးစသည့် ကဏ္ဍ (၈)ခုကို ဆောင်ရွက်သွားကြမည်ဖြစ် ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုတစ်ခုအား ယခုလ ဇွန် (၁၂)ရက် မော်လမြိုင်မြို့၊ သာသနာ(၂၅၀၀) မွန်ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲအပြီး ဒေသတွင်း စစ်‌ရှောင်များအတွက် ဆောလင်ရွက်ပေးမည့် ကဏ္ဍ (၈)ခု ဆုံးဖြတ်နိုင်ခဲ့ကာ၊ စစ်ရှောင်အရေးအတွက် ဘဏ္ဍာငွေရှာဖွေရေး၊  စားနပ်ရိက္ခာထောက် ပံ့နိုင်ရေး၊ လက်ကျန်စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကူညီပေးရေး၊သတင်းအချက်အလက် စုဆောင်းဖြန့်ဝေရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း စစ်ရှောင်ပြည်သူ (၅၀,၀၀၀)နှင့် အထက် ရှိနေကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ် မေလကုန်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မွန် – ကရင်အစပ် ကော့ဘိန်းတိုက်ပွဲအပြီးတွင် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မွန်ကျေးရွာများမှ ဒေသတွင်း စစ်ရှောင်များအနေဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်တွင် ယာယီခိုလှုံနေထိုင်ခဲ့ကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here