တော်ဝင်မရိန်းတပ်ဖွဲ့အတွက် စစ်သင်္ဘောသစ် ၆ စင်း တည်ဆောက်သွားမည်ဟု ဗြိတိန် အတည်ပြု

0
163

တော်ဝင်မရိန်းတပ်ဖွဲ့အတွက် စစ်သင်္ဘောသစ် ၆ စင်း မှာယူသွားမှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ် ပြောဆိုပါတယ်။ တိုးမြှင့်ထားတဲ့ စစ်အသုံးစရိတ်ကို ဘယ်နေရာတွေအတွက် သုံးစွဲသွားမယ်ဆိုတာ မကြာခင် ကြေညာမယ်လို့ အစိုးရက ပြောဆိုထားခဲ့ပြီးနောက် ဝန်ကြီးရဲ့ ကြေညာချက်ထွက်လာတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်နက်က သူ့အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ဂျီဒီပီရဲ့ ၂.၅ ရာခိုင်နှုန်း သုံးစွဲသွားမယ်လို့ ဧပြီလအတွင်း ကြေညာခဲ့ပါတယ်။ ကမ္ဘာဟာ စစ်အေးကာလနောက်ပိုင်း အန္တရာယ်အများဆုံးအချိန်ကာလကို ဆိုက်ရောက်နေပြီး ဗြိတိန်လက်နက်လုပ်ငန်းဟာ စစ်ကာလအနေအထားရှိနေရမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

Multi Role Support Ships လို့လူသိများတဲ့ သင်္ဘောသစ်တွေကို ဗြိတိန်မှာ တည်ဆောက်မှာဖြစ်ပြီး အနာဂတ်တိုက်ပွဲတွေမှာ ဗြိတိန်ရဲ့ ကုန်းရေနှစ်သွယ် အထူးစစ်ဆင်ရေးကွန်မန်ဒိုတပ်ဖွဲ့ကို အားကောင်းစေလိမ့်မယ်လို့ ရှပ်စ်က အင်္ဂါနေ့(မေ ၁၄) မှာ ပြောဆိုပါတယ်။

မရိန်းတပ်ဖွဲ့အတွက် သင်္ဘောသစ်တွေ တည်ဆောက်သွားမယ်လို့ ဗြိတိန်အစိုးရက ၂၀၂၂ ခုနှစ်မှာ ပြောဆိုထားခဲ့ပါတယ်။

သင်္ဘောသစ် ၆ စင်းဟာ ဗြိတိန်ရေတပ်အတွက် သင်္ဘောနဲ့ ရေငုပ်သင်္ဘော ၂၈ စင်းတည်ဆောက်နေတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဗြိတိသျှ သင်္ဘောတည်ဆောက်ရေးအတွက် ရွှေရောင်ခေတ်သစ်ကို ကိုယ်စားပြုတယ်လို့ ရှပ်စ်က ပြောဆိုခဲ့ပါတယ်။

အဆိုပါ သင်္ဘော ၂၈ စင်းတည်ဆောက်မှုမှာ ဗြိတိန်ရဲ့ အကြီးဆုံးစစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီး BAE System နဲ့ အခြား ဗြိတိန် ကာကွယ်ရေးကုမ္ပဏီတစ်ခုတို့လည်းပါဝင်ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here