အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမရဘဲပြီးဆုံး၊ ရာဖာအရှေ့ပိုင်းကို အစ္စရေးတိုက်ခိုက်

0
74

ဂါဇာ၊မေ ၁၀

ဂါဇာတောင်ပိုင်းသို့  ဆက်လက် တိုက်ခိုက်ပါက လက်နက်ထောက်ပံ့မှုကိုဆိုင်းငံ့ ထားရလိမ့်မည်ဖြစ်ကြောင်း  အမေရိကန်သမ္မတက ခြိမ်း ခြောက်ခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလက်မခံခဲ့ဘဲ ပယ်ချကာ  ရာဖာမြို့ကိုအမြောက်ဖြင့်ပစ်ခတ်တိုက်ခိုက်စေခဲ့သည်ဟုသိရသည်။

ဂါဇာကမ်းမြောင်ဒေသရှိ စစ်ပွဲများရပ်တန့်စေရေးအတွက် အပစ်အခတ်ရပ်ရန် ကိုင်ရို၌ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲသည်လည်း ရပ်စဲသွားပြီဖြစ်ကာ စီစဉ်ထားသည့်အတိုင်း ဂါဇာ၌ ဆက်လက်တိုက်ခိုက်သွားမည်ဟု အစ္စရေးအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ဂါဇာရှိပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်နှင့် အစ္စလာမ္မစ်ဂျီဟတ်များကမူ ၎င်းတို့တိုက်ခိုက်ရေးသမားများသည် မြို့တော်အရှေ့ဘက်ဆင်ခြေဖုံးရှိ အစ္စရေးတင့်ကားများကို တင့်ကားဖျက်ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်းဆိုသည်။

ရာဖာမြို့နေထိုင်သူများနှင့် ဆေးပညာရှင်များကမူ ဂါဇာကမ်းမြောင်ဒေသရှိ ဗလီတစ်ခုအနီးသို့ အစ္စရေး၏ တိုက်ခိုက်မှုကြောင့်  လူ ၃ ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟုဆိုသည်။

ရာဖာမြို့မှရပ်ကွက်တစ်ခုရှိ အိမ်နှစ်အိမ်အား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုကြောင့်အမျိုးသမီးနှင့်ကလေးငယ်များ အပါအဝင်  လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်းသိရသည်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကတိုက်ခိုက်မှုကြောင့် ယခုအချိန်အထိ ပါလက်စတိုင်းလူမျိုး ၃၅,၀၀၀ နီးပါးသေဆုံးပြီး ၈၀,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကာ အများစုမှာ အရပ်သားများသာဖြစ်ကြောင်းဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : ရိုက်တာ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here