ဘရာဇီးတောင်ပိုင်း မိုးကြီးရေလွှမ်းမှု သေဆုံးသူ ၇၈ ဦးရှိလာပြီး ၁၀၅ ဦး ပျောက်ဆုံးနေသေး

0
108

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန့်ဒိုဆူးလ်ပြည်နယ်မှာ မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးမှုတွေအတွင်း သေဆုံးသူ ၇၈ ဦး ရှိလာခဲ့ပြီး လူပေါင်း ၁၁၅၀၀၀ ကျော်ကို နေရပ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

သမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးဗားဟာ သူ့အစိုးရအဖွဲ့ဝင်များစွာနဲ့ တနင်္ဂနွေမနက်ပိုင်းမှာ ရီယိုဂရန့်ဒိုဆူးလ်ကို ရောက်ရှိလာပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက် ဒေသအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

ဗော်လံတီယာတွေဟာ လှေတွေ၊ ဂျက်စကီတွေအပြင် ရေထဲမှာ ကူးခတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်နေကြပါတယ်။ ပြည်နယ်မြို့တော် ပေါ်တိုအလီဂရီရဲ့ အစိတ်အပိုင်း ကျွန်းတွေပေါ်မှာ သောကြာနေ့ကစပြီး ရေမြုပ်ဧရိယာတွေကနေ သူနဲ့ သူငယ်ချင်းတွေက လူ ၅၀ ခန့်ကို ကယ်ဆယ်ပေးခဲ့ရပြီးဖြစ်ကြောင်း ဖာဘီယန်နို ဆာဒန်ဟာဆိုသူက ပြောဆိုပါတယ်။

သူတို့တွေလမ်းတစ်ခုထဲ ဝင်လိုက်တာနဲ့ “ကူညီကြပါ၊ ကူညီကြပါဦး”ဆိုတဲ့ အသံတွေပဲ ကြားနေရတယ်လို့လည်း ဆာဒန်ဟာက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က ၇၀ ခန့်သာရှိတယ်လို့ ခန့်မှန်းထားတဲ့ ပျောက်ဆုံးဦးရေဟာလည်း ၁၀၅ ဦးအထိ ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားတာကြောင့် သေဆုံးဦးရေဟာ သိသာစွာ တိုးလာနိုင်တယ်လို့ ပြည်နယ် အရပ်ဖက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မုန်တိုင်းတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုဟာ ပြည်နယ်ရဲ့ မြို့ပေါင်း ၅၀၀ ကျော်နီးပါးမှာ သုံးပုံနှစ်ပုံကျော်ကို သက်ရောက်စေခဲ့ပါတယ်။ ဥရုဂွေး၊ အာဂျင်တီးနားနိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ယင်းပြည်နယ်မှာ လူဦးရေ ၁၁၅၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် မြို့များစွာမှာ လမ်းတွေ၊ တံတားတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မိုးသည်းထန်မှုတွေကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပြီး အသေးစားရေအားလျှျပ်စစ်စက်ရုံရဲ့ ရေလှောင်ကန်တစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ကြောင်းလည်း သိရပါတယ်။

Ref: IT


LEAVE A REPLY

Please enter your comment!
Please enter your name here