အစ္စရေးရဲ့ အပစ်ရပ် အဆိုပြုချက်ကို လက်ခံဖို့ အမေရိကန်နဲ့ ဗြိတိန်က ဟားမတ်စ်ကို တိုက်တွန်း 

0
77

ဂါဇာစစ်ပွဲ အပစ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုက ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေ လွှတ်ပေးရေး အစ္စရေးရဲ့ အဆိုပြုချက်ကို အလျင်အမြန် လက်ခံဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်က တနင်္လာနေ့မှာ ဟားမတ်စ်အဖွဲ့ကို တိုက်တွန်းပါတယ်။ 

သီတင်းပတ်ကုန်ပိုင်းက အစ္စရေးက တင်ပြခဲ့တဲ့ အပစ်ရပ်အဆိုပြုချက်ကို တုန့်ပြန်ချက်ပေးဖို့ရာ ဟားမတ်စ် စေ့စပ်ညှိနှိုင်းသူတွေ တနင်္လာနေ့မှာ ကာတာ၊ အီဂျစ် ကြားဝင်စေ့စပ်သူတွေနဲ့ ကိုင်ရိုမှာ တွေ့ဆုံခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

အစ္စရေးဘက်က ထူးထူးခြားခြား ရက်ရောမှုရှိတဲ့ အဆိုပြုချက်တစ်ခုကို ဟားမတ်စ်တို့ ရထားကြောင်း၊ ဂါဇာကမ်းမြောင်ရှိ ပြည်သူတွေနဲ့ အပစ်ရပ်စဲရေးအကြား ရပ်တည်နေတဲ့ တစ်ခုတည်းသောအရာက ဟားမတ်စ်သာဖြစ်ပြီး သူတို့အနေနဲ့ ဆုံးဖြတ်ချက်ပေးရမှာဖြစ်ကာ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့လိုကြောင်းနဲ့ သူတို့တွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ မိမိ မျှော်လင့်ပါကြောင်း ဆော်ဒီမြို့တော် ရီယက်ရှ်မှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) အစည်းအဝေးမှာ ဘလစ်ကင်က ပြောဆိုခဲ့ပါတယ်။ 

အစ္စရေးရဲ့ အဆိုပြုချက်အရ ဂါဇာမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ အကြမ်းအားဖြင့် ဓါးစာခံ ၁၃၀ လောက်ထဲက အနည်းဆုံး ၄၀ လောက်ကို လွှတ်ပေးဖို့နဲ့ အပြန်အလှန်အားဖြင့် အစ္စရေးရှိ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ပါရှိတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။ အပစ်ရပ်စဲရေးရဲ့ ဒုတိယအဆင့်မှာတော့ ထာဝရအပစ်ရပ်စဲရေးတောင်းဆိုတဲ့ ဟားမတ်စ်အတွက် အစ္စရေးရဲ့ အပေးအယူတုန့်ပြန်ချက်အရ “တည်ငြိမ်သောကာလတစ်ခုထားရှိသွားရေး” ပါဝင်တယ်လို့ ဆိုပါတယ်။ 

WEF အစည်းအဝေးအတွက်ပဲ ရီယက်ရှ်ကို ရောက်ရှိနေခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်ကလည်း အစ္စရေးရဲ့ အပစ်ရပ်အဆိုပြုချက်ဟာ သဘောထားကြီးတဲ့ အဆိုပြုချက်တစ်ခုအဖြစ် ပြောဆိုခဲ့ပါတယ်။ အဆိုပြုချက်မှာ တိုက်ခိုက်မှုတွေကို ရက် ၄၀ ကြာ ရပ်တန့်ထားဖို့ ပါဝင်ပြီး ပါလက်စတိုင်း အကျဉ်းသား ထောင်ချီနဲ့ အစ္စရေး ဓါးစာခံတွေ လွတ်မြောက်လာနိုင်ခြေရှိနေတယ်လို့ သူက အစည်းအဝေးတက်ရောက်လာသူတွေကို ပြောဆိုခဲ့ပါတယ်။ 

ဒီသဘောတူညီချက်ကို ဟားမတ်စ်က ပြတ်သားစွာ လက်ခံဖို့ မိမိ မျှော်လင့်ကြောင်း၊ ကမ္ဘာပေါ်က ဖိအားတွေအားလုံးနဲ့ ကမ္ဘာပေါ်ရှိ မျက်လုံးအားလုံးက သူတို့ပေါ်ကျရောက်နေပြီး ဒီသဘောတူညီချက်ကို လက်ခံပါလို့ ပြောနေကြောင်း ကင်မရွန်က ပြောဆိုခဲ့ပါတယ်။ 

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေးတွန်းအားပေးမှုအဖြစ် အမေရိကန်၊ ပြင်သစ်၊ ဂျော်ဒန်၊ အီဂျစ်အပါအဝင် နိုင်ငံများစွာမှ နိုင်ငံခြားရေးဝန်ကြီးတွေ ရီယက်ရှ်ကို ရောက်ရှိနေရာမှာ ကင်မရွန်လည်း အပါအဝင်ဖြစ်ပါတယ်။

 Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here