စစ်မှုထမ်းရန် ဆန္ဒပြုသူများအား အတင်းအကြပ် ဆန္ဒပြုခိုင်းခံရသူများ မဖြစ်စေရန် ရပ်/ကျေး တာဝန်ရှိသူများကို ညွှန်ကြားရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာကြား

0
147

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ဆေးစစ်ခြင်းနှင့် အကျုံးဝင်သူများကို ဆင့်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူများအား အတင်းအကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေးအောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာကြပ်မတ်လမ်းညွှန်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မှာကြားသည်။

ယနေ့ ဧပြီလ (၂) ရက်က နေပြည်တော်ရှိ  ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)တွင် အမှာစကားပြောကြားစဉ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေရေးဆွဲထားရှိမှုကို ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့် အကြံပြုချက်များမှ ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်ကာ အပြီးသတ်ရေးဆွဲထားသည့် နည်းဥပဒေ (မူကြမ်း)အား ရေးထုံးရေးနည်းစိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များပေးပို့လာပါက အကြံပြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ကော်မတီမှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး နည်းဥပဒေ ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့သည်။

ဗဟိုအဖွဲ့အနေဖြင့် ပထမ ဦးဆုံးဖွင့်လှစ်မည့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကာ ဥပဒေပါကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များအပြင် ဗဟိုအဖွဲ့ အစီအစဉ်ဖြင့် သတ်မှတ်ထားသည့် ကင်းလွတ်ခွင့်၊လျော့ပေါ့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များကို ပြည်ထောင်စုဝန် ကြီးဌာန/အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များအား မြေပြင်တွင် ဆောင်ရွက်နေကြသူများအနေဖြင့် စစ်မှုထမ်းရန် အကျုံးဝင်သူများအား စာရင်းဇယား မှန်ကန်တိကျစွာဖြင့် မသမာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ
ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here