Myanmar Women League 2024 ပြိုင်ပွဲမေလအတွင်း စတင် ယှဉ်ပြိုင်မည်

0
148

Myanmar Women League 2024 ပြိုင်ပွဲအား မေလ(၇) ရက်နေမှ စတင်၍ နိုဝင်ဘာ(၃၀)ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက် အမျိုးသမီး‌ဘောလုံးအသင်း နည်းပြတစ်ဦးက ပေါ်ပြူလာနယူစ်းသို့ ပြောသည်။

ယခုနှစ် ကျင်းပပြုလုပ်မည့် Myanmar Women League 2024 ပြိုင်ပွဲတွင် ယခင်နှစ်ထက် ကလပ်အသင်းများ ထပ်တိုးယှဉ်ပြိုင်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

“အရင်နှစ်ကတော့ (၆) သင်းပြိုင်တာပေါ့။ အခုနှစ်ကတော့ ဧရာဝတီနဲ့ ရှမ်းအသင်းတိုးလာတယ်။ ဒီနှစ်ကတော့ (၈)သင်း လောက်ပြိုင်ပွဲဝင်ဖို့ရှိမယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ ISPE Women အသင်း၊ Sports &Education အသင်း၊ မြဝတီအမျိုးသမီးအသင်းနှင့် Young Lionesses အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းနှင့် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းတို့ ထပ်တိုးယှဉ် ပြိုင်သွားမည်ဖြစ်သည်။

ယခုနှစ် ဝင်ရောက်ယှဉ်ပြိုင်မည် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းအနေဖြင့် ပဏာမကစားသမား(၃၅)ဦးရွေးချယ်ပြီးစီးကာ ဧပြီ(၁)ရက်တွင် ဇကာတင်ကစားသမား (၂၅)ဦးကို အပြီးသတ်ရွေးချယ်သွားမည်ဖြစ်သည်။

“တောင်ကြီးမှာရွေးခဲ့တဲ့ ကစားသမားတွေ (၃၁)ရက်မှာ ရန်ကုန်ကို ရောက်ပါမယ်။ (၁)ရက်နေ့မှာစပြီး လေ့ကျင့်ပြင်ဆင်မှုတွေလုပ်သွားမှာပါ။ သုဝဏ္ဏအားကစားကွင်းမှာပဲ လေ့ကျင့်ပြင်ဆင်မှာပါ”ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် Myanmar Women League 2023 လောလုံးရာသီတွင် မြဝတီအမျိုး သမီးဘောလုံးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးထားသည်။

ပုံစာ- Myanmar Women League 2023 ပြိုင်ပွဲအတွင်း Yangon United နှင့် Thitsar Armanအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်နေစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here