မဟာသင်္ကြန်နေရပ်ပြန် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ ထိုင်းသို့ ပြန်ဝင်ပါက ပြည်ဝင်ကြေး ပေးစရာမလိုဟု ဆို

0
208

မဟာသင်္ကြန်ပွဲအတွက် ပြည်တော်ပြန်ကြမည့်မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်အကြား ထိုင်းနိုင်ငံသို့ ပြန်ဝင်ခဲ့ပါက ပြည်ဝင်ကြေးကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ အလုပ်သမားရေးရာဝန်ကြီး Phiphat Ratchakitprakarn က ပြောဆိုပါတယ်။

အဆိုပါနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ကင်းလွတ်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြည်ပအလုပ်သမားရေးရာ စီမံခန့်ခွဲရေး မူဝါဒကော်မတီက အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကင်းလွတ်ခွင့်ဟာ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပြုတဲ့ Non L-A ဗီဇာလို့ လူသိများသော
ပတ်စ်ပို့ သို့မဟုတ် ခရီးသွားစာရွက်စာတမ်းတွေ ကိုင်ဆောင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မှီခိုသူတွေအပေါ်မှာလည်း အကျုံးဝင်တယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပြီး ထိုသူတွေရဲ့ နေထိုင်ခွင့်သက်တမ်းကတော့ မေလ ၁၅ ရက် မတိုင်ခင် ကုန်ဆုံးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ၎င်းတို့ရဲ့ မှီခိုသူတွေဟာ ပြည်ဝင်ခွင့်လျှောက်ထားစရာ လိုမှာမဟုတ်ကြောင်းလည်း ဝန်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

မေ ၁၅ ရက်နောက်ပိုင်းမှ ထိုင်းကို ပြန်လိုသူတွေနဲ့ ထိုင်းနိုင်ငံကို ပြန်ဝင်ရမယ့်အချိန်ကာလကို မသိရသေးသူတွေကတော့ ပုံမှန်အတိုင်း ပြည်တော်ပြန်ဝင်ခွင့် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဋ္ဌာရဲ့ ၂၀၂၃ ခုနှစ် အချက်အလက်တွေအရ ထိုင်းနိုင်ငံအတွင်း အထောက်အထား စာရွက်စာတမ်းကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက် ၂.၇ သန်းခန့်ရှိတယ်လို့ သိရပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက်နဲ့ပတ်သက်လို့တော့ ကိန်းဂဏန်းအချက်အလက်မရှိသေးပေမယ့် ၎င်းတို့ဟာလည်း တရားဝင်အလုပ်သမားအရေအတွက်လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။

Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here