ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုများသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု လျော့နည်းနေသေးဟုဆို

0
181

ချောင်းသာကမ်းခြေသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ကြိုက်နှစ်သက်သည့် ဆွဲဆောင်မှုရှိသော ကမ်းခြေခရီးစဉ် ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းခရီးသွားဧည့်သည်သာ ဝင်ရောက်မှုများပြားနေသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု လျော့နည်းနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ပြောကြားချက်အရ သိရသည်။

ချောင်းသာကမ်းခြေရှိ Azura Hotel ၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းရှင်များအား တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ချောင်းသာကမ်းခြေ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းလုပ်ကိုင်နေသူများကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာန အနေဖြင့် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ချောင်းသာကမ်းခြေသို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှုများပြားသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုမှာ လျော့နည်းနေသေးကြောင်း ၎င်းကဆိုသည်။

ချောင်းသာကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် တည်ရှိပြီး ချောင်းသာကမ်းခြေ အနီးရှိ ထင်ရှားသော လည်ပတ်စရာ နေရာများမှာ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း ခေါ် အောင်မင်္ဂလာကျွန်း၊ ကျောက်မောင်နှမ၊ ငှက်တောင် နှင့် ဥတိုချောင်း တို့ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလအတွင်း ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံသို့ ပြည်တွင်း၊ပြည်ပခရီးသွား စုစုပေါင်း(၁၁၇,၇၈၄)ဦး ဝင်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here