အမေရိကန် ကာကွယ်ရေးဝန်ကြီး ဆေးရုံတင်ထားရပြီး တာဝန်များကို လက်ထောက်ဖြစ်သူအား လွှဲပြောင်း

0
127

ဆီးကျိတ်ကင်ဆာရောဂါကို တိုက်ပွဲဝင်နေရတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ အရေးပေါ် ဆီးအိမ်ပြဿနာအတွက် ဆေးရုံတင်လိုက်ရပြီး နာရီပိုင်းအကြာမှာ သူ့ရဲ့ အလုပ် တာဝန်တွေကို လက်ထောက်ဖြစ်သူထံ လွှဲပြောင်းပေးခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

လက်ထောက်ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်က လုပ်ငန်းတာဝန်တွေကို ညနေ ၅ နာရီမတိုင်ခင်မှာ စတင်ထမ်းဆောင်လိုက်ပြီဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။ အော်စတင်ဟာ ကုသမှု ခံယူနေဆဲဖြစ်ကာ ဒီကိစ္စအပေါ် သမ္မတ အိမ်ဖြူတော်နဲ့ ကွန်ဂရက်ထံ သတင်း ပေးပို့ပြီးဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အသက် ၇၀ အရွယ် အော်စတင်ဟာ ယခုမတိုင်ခင်က လူမသိ သူမသိ ဆေးရုံတက်ခဲ့သလို ကင်ဆာရောဂါဖြစ်နေတာကို သမ္မတ ဂျိုးဘိုင်ဒင်ထံ ချက်ချင်း သတင်းမပို့ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အမေရိကန်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်ဖြစ်အပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ယခု ကြေညာချက်ထွက်လာတာဖြစ်ပါတယ်။

အော်စတင်ဟာ ဆီးကျိတ်ကင်ဆင် ကုသမှုခံယူဖို့အတွက် ဒီဇင်ဘာလမှာ လူမြင်ကွင်းကနေ သိသိသာသာ ပျောက်ကွယ်ခဲ့သလို ကုသမှုပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ခံစားရပြီးနောက် ဇန်နဝါရီလမှာတစ်ကြိမ် ထပ်မံပျောက်ကွယ်ခဲ့ပါတယ်။

ယခုတစ်ကြိမ်မှာတော့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ သူ့ကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ၂ နာရီခန့်အကြာမှာ အများပြည်သူသို့ အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အော်စတင်ကို သူ့ရဲ့ လုံခြုံရေး အဖွဲ့က Walter Reed အမျိုးသားစစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ရိုင်ဒါက အစောပိုင်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here