လေကြောင်း ပစ်ကူယူကာ ရာဖာရှိ ဓါးစာခံနှစ်ဦးကို အစ္စရေးစစ်တပ် ကယ်ထုတ် 

0
145

 ဂါဇာတောင်ပိုင်း ရာဖာမြို့ ရပ်ကွက်တစ်ခုကို ညပိုင်း အထူးစစ်ဆင်ရေးလုပ်ဆောင်ခဲ့မှုအတွင်း အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓါးစာခံနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၁) မှာ ထုတ်ဖော်ပြောဆိုပါတယ်။       

အစ္စရေးတပ်ဖွဲ့တွေဟာ ဓါးစာခံ ကယ်ထုတ်မှု စစ်ဆင်ရေးကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်မှုကို အကာအကွယ်ယူကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း လူ ၃၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

အစ္စရေး ကာကွယ်ရေးတပ်(IDF)ရဲ့ ပြည်တွင်း လုံခြုံရေးဋ္ဌာန Shin Bet နဲ့ အထူးရဲတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးဖြင့် အစ္စရေးဓါးစာခံနှစ်ဦးဖြစ်တဲ့ ဖာနန်ဒို ဆိုင်မွန် မာမွန်(၆၀နှစ်)၊လူးဝစ်ဟား(၇၀ နှစ်) တို့ကို ရာဖာရှိ လူနေအဆောက်အအုံတစ်ခုကနေ ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။ 

ကယ်ထုတ်ခဲ့တဲ့ ဓါးစာခံနှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပြီး အစ္စရေးနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ထပ်လုပ်နိုင်ဖို့အတွက် လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့လည်း စစ်တပ်က ပြောဆိုခဲ့ပါတယ်။ 

အစ္စရေးစစ်တပ် ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရစ်ချတ် ဟက်တ်က စစ်ဆင်ရေးဟာ အနုစိပ်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပြီး တိကျတဲ့ ထောက်လှမ်းရေးသတင်းပေါ် အခြေခံလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ စစ်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ စစ်သင်္ဘောတွေလည်း ပါဝင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ရာဖာမြို့မှာ အကြီး အကျယ် ထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပေါ်စေခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း ဗလီနှစ်လုံးနဲ့ နေအိမ်များစွာ ထိမှန်ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။ 

Ref: Hindustan Times


LEAVE A REPLY

Please enter your comment!
Please enter your name here