ဦးပိန်တံတားနှင့် တောင်သမန်အင်းသို့ ပြည်ပခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေးအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောပြချက်အရ သိရသည်။
ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများ စိတ်ဝင်တစားလည်ပတ်ကြသည့်နေရာများထဲတွင် တောင်သမန်တံတားနှင့် အင်းမှာ တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းခရီးသွားအပြင် အရှေ့တောင်အာရှ နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်လည်ပတ်မှုကလည်း တော်တော်လေးများလာတယ်။ အခုလတ်တလော တောင်သမန်တံတားနဲ့ အင်းကနေ နေဝင်ဆည်းဆာအလှကို လာရောက်ကြည့်ရှုရင်း အနားယူအပန်းဖြေတဲ့ ခရီးသွားတွေ ပြန်များလာပါတယ်”ဟု ဦးစိုးဝင်းက ပြောပြသည်။
ဒီဇင်ဘာလ ပထမပတ်က ဗီယက်နမ်၊ ထိုင်း၊ ကိုရီးယား၊တရုတ် စသည့်နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်လည်ပတ်မှုမှာ တစ်ရက်လျှင် ဦးရေ ၇ဝ ကျော် သာရှိခဲ့သော်လည်း ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ဝင်ရောက်လည်ပတ်သည့် ပြည်ပခရီးသွားဦးရေမှာ တစ်ရက်လျှင် ၂၅ဝ ကျော်ထိရှိလာကြောင်း သိရသည်။
တောင်သမန်အင်းအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ နေဝင်ဆည်းဆာအလှကို ငှက်လှေ များဖြင့် ကြည့်ရှုနိုင်ရန် ငှက်လှေအစီးရေ (၅ဝ) ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။