မန္တလေးဈေးကွက်အတွင်း၌ ကလေး ဒေသဘက်မှ ထွက်ရှိသည့် ဂျုံများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေ၏ ပြောကြားချက်အရ သိရသည်။
“မန္တလေး ဈေးကွက်အတွင်းမှာ ကလေးဘက်ကနေ အရည်အသွေးကောင်းမွန်တဲ့ ဂျုံတွေ ဝင်နေပါတယ်။ မန္တလေးဈေးကွက်နဲ့ တောင်ကြီးမြို့အပြင် အခြားမြို့တွေကပါ မှာယူမှု များလာတယ်။ ကလေးဘက်က ဂျုံတွေ ဝယ်ယူမှုများပြားလာတာကြောင့် ဂျုံအရောင်းအဝယ် ကောင်းလာပါတယ်”ဟု ဦးစက်မောင်ဆွေက ပြောသည်။
အဆိုပါ ကလေးဒေသထွက်ဘက်မှ ထွက်ရှိသည့် ဂျုံများကို မန္တလေးဈေးကွက်အတွင်း ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။