တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ဒေါင်လိုက် ပျံတက်/ပျံဆင်းနိုင်သည့် တောင်ပံသေ မောင်းသူမဲ့လေယာဉ်(UAV) ကို ၂၅ ကြိမ်မြောက် တရုတ်အဆင့်မြင့်နည်းပညာပွဲတော်(China Hi-Tech Fair – CHTF) တွင် ထုတ်ဖော်ပြသခဲ့သည်။
Flying Wing ခေါ် အတောင်ပံပျံ ပုံစံ ဒီဇိုင်းထုတ်ထားသော မောင်းသူမဲ့လေယာဉ်သည် သာမန်အနေအထားဖြင့် လေထဲသို့ ပျံတက်ပြီးနောက်၊ ဒေါင်လိုက်အနေအထားဖြင့် ပြန်လည်ဆင်းသက်နိုင်သလို ဒေါင်လိုက်အနေအထားဖြင့် ပျံတက်ပြီးလျှင်လည်း သာမန်အနေအထားဖြင့် ပြန်လည်ဆင်းသက်ကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့လေယာဉ်အမျိုးအစားသစ်ကို Changchun Institute of Optics၊ Fine Mechanics and Physics၊ Chinese Academy of Sciences မှ သုတေသီများက သီးသန့် အထူးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယင်းလေယာဉ်သည် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိအေးသော ပတ်ဝန်းကျင် အခြေအနေမျိုးနှင့် အလွန်ဆိုးရွားသော ရာသီဥတုမျိုးတွင်ပင် အမြင့် ၅၅၀၀ မီတာအထိ တက်ရောက်ပျံသန်းနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လစ်သီယမ်ဘက်ထရီများဖြင့် မောင်းနှင်သော ယင်းလေယာဉ်သည် အလေးချိန် ၅၀ ကီလိုဂရမ်အထိ သယ်ဆောင်ပျံသန်းနိုင်ကြောင်း သိရသည်။

