ရုရှားနှင့် စစ်ပွဲအတွက် အကူအညီပေးရန် တာဝေးပစ်ဒုံးကျည်အနည်းငယ်ကို ယူကရိန်းသို့ အမေရိကန်က ထောက်ပံ့ပေးမည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ကြောင်း NBC News က ရေးသားဖော်ပြထားသည်။
ဒုံးကျည်များကို မည်သည့်အချိန်တွင် ပေးပို့မည် သို့မဟုတ် ပေးပို့မည့်ရက်ကို မည်သည့်အချိန်တွင် ထုတ်ပြန်ကြေညာမည်ကို အမည်မဖော်လိုသော တာဝန်ရှိသူများက ပြောကြားခြင်း မရှိပေ။
ကိယက်ဗ်မှ မိုင် ၁၉၀ ခန့် အကွာအဝေးအထိရှိသော ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် ATACMS ကြည်းတပ် ဗျူဟာမြောက် ဒုံးကျည်စနစ်ဖြင့် ရုရှားတို့၏ ထောက်ပံ့ရေးလိုင်းများ၊ မီးရထားလမ်းများနှင့် ရုရှားတပ်များ၏ နောက်ကွယ်ရှိ ကွပ်ကဲမှု ထိန်းချုပ်သည့် နေရာများကို ပစ်ခတ်ရန်အတွက် ယင်းဒုံးကျည်များကို အမေရိကန်ထံမှ ဇလန်စကီးက လွန်ခဲ့သည့် လအတန်ကြာကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းအား ATACMS ဒုံးကျည်များ ပေးအပ်ခြင်းအတွက် တရား၀င် ငြင်းခုံမှုများ ရှိခဲ့သည်။ တစ်ဖက်တွင်မူ ဒုံးကျည်များသည် မိုင် ၁၉၀ အကွာအဝေးအထိပစ်ခတ်နိုင်သောကြောင့် ယူကရိန်းသည် ခရိုင်းမီးယားရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်ပြီး ရုရှားပိုင်နက်အတွင်းသို့ ကောင်းစွာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ အခြားတစ်ဖက်တွင်၊ ထိုပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းသည် ပူတင်၏ “အနီရောင်မျဉ်းများ” ကိုဖြတ်ကျော်ကာ စစ်ပွဲကို အရှိန်မြှင့်သည့် အခြေအနေဆီသို့ တွန်းပို့နိုင်သည်။
ထို့ကြောင့် ဘိုင်ဒင်အစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က အစောပိုင်းရက်အနည်းငယ်က ပေါက်ကြားခဲ့သည့် သတင်းများကြောင့် ဇလန်းစကီး လိုလားနေသည့် တာဝေးပစ် ATACMS ဒုံးကျည်များ အကူအညီပေးမည့် အစီအစဉ်တွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး သမ္မတဘိုင်ဒင်ကလည်း ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့တော့မည်မဟုတ်ဟု နိုင်ငံတကာ သတင်းဌာနများက မကြာမီရက်ပိုင်းအထိ ရေးသားခဲ့ကြသေးသည်။