သာကေတ အောင်မင်္ဂလာ သောက်သုံးရေကန်၌ လူငယ်တစ်ဦး ရေနစ်သေဆုံး

0
165

ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်ရှိ အောင်မင်္ဂလာ သောက်သုံးရေကန်တွင် စက်တင်ဘာ (၁၈) ရက်ညပိုင်းက လူငယ်အမျိုးသားတစ်ဦးရေနစ်သေဆုံးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည (၇) နာရီခွဲ ကျော်ခန့်က သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်ရှိ အောင်မင်္ဂလာ သောက်သုံးရေကန်တွင် လူငယ်အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မိတ်ဖက်အသင်းများ ၊ ရပ်ကွက်နေသူများနှင့် အတူ ရှာဖွေကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။

“ရေနစ်သွားတဲ့ ကောင်လေးက အသက်(၂၀) ဝန်းကျင်လောက်ရှိပါပြီ။ ရေထဲကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ အချိန်က မဆုံးသေးဘူး။ သတိလစ်ပြီး မေ့မျောနေတာ၊ အခြေအနေကတော့မကောင်းဘူးပေါ့။ စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်။ အသက်ကယ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်နေရာမှ ကယ်ဆယ်နိုင်ခဲ့ပြီး သတိလစ်မေ့မျောနေသည့် လူငယ်အား အရေးပေါ်ကုသမှုများပြုလုပ်ပေးပြီးနောက် အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း လူငယ်မှာ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here