တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း နေပြည်တော်သို့ ထပ်မံလာရောက် ၊ မြန်မာပြည် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

0
291

တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်ကို စက်တင်ဘာ (၁၈) ရက် နေ့လယ်ပိုင်းက စတင်လိုက်ပြီး မြန်မာနိုင်ငံ ငြိမ်း‌ချမ်းရေးကိစ္စများ၊ NCA (၈) နှစ်ပြည့် ကျင်းပရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၈) ရက် နေ့လယ် (၁၂) နာရီက နေပြည်တော်သို့ ရောက်ရှိလာသည့် တရုတ်အထူးကိုယ်စားလှယ်သည် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရေး ၊ ရခိုင်ပြည်နယ်အတွင်းမှ နေ့ရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် NCA သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် အခမ်းအနားကျင်းပရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စတာ တိန့်ရှီကျွင်းသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ၎င်း၏ တရားဝင် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် နေပြည်တော်သို့ လာရောက်ထားပြီး နစက ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံထားပြီး ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း၌လည်း မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်ပြောင်းလဲရေးအတွက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် ရှမ်းမြောက်နှင့် ကရင်ပြည်နယ်အတွင်းက လောင်းကစားဝိုင်းများ၊ မူးယစ်မှောင်ခိုဂိုဏ်းများနှင့် အွန်လိုင်းငွေကြေးလိမ်လည်သည့်ဂိုဏ်းများကို နှိမ်နှင်းရေးအတွက် လက်တွဲလုပ်ဆောင်ကြဖို့ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here