ဝေါမြို့တွင် ငွေကျပ်သိန်းသုံးထောင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း ဖမ်းဆီးရမိရာ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ

0
261

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြိုနယ်တွင် ငွေကျပ်သိန်း (၃၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀၀၀) ဖမ်းဆီးရမိမှုမှ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်ဟု နိုင်ငံပိုင်မီဒီယာမှ စက်တင်ဘာ (၁၈)ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှာ စက်တင်ဘာ (၁၂) ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြိုနယ် ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမှ တောင်ကြီး – မြဝတီ ခရီးသည်တင်ယာဉ်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှာဖွေရာ ခရမ်းချဉ်သီး သေတ္တာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း (၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀၀၀) ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆက်လက်စစ်ဆေးရာ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင် စောလင်းထိန်(ခ) ကျော်ကျော်အား စက်တင်ဘာ (၁၃)ရက်က မြဝတီမြို့ စိမ်းလဲ့မြိုင် အဝေးပြေးကားဝန်းတွင် တိုယိုတာ ယာဉ်တစ်စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ၎င်းအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here