မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့ စက်တင်ဘာ (၇) ရက် နံနက်ပိုင်း(၈) နာရီ (၄၅) မိနစ်ခန့်က ဧရာဝတီမြစ်ရေ မြင့်တက်ကာ ရေဝင်ရောက်ခဲ့မှုကြောင့် နေအိမ် (၃) လုံးမှ အိမ်ထောင်စုဝင်များအား ယာယီရေဘေးရှောင်စခန်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အမှတ်(၅)ရပ်ကွက်၊ သီလှရင်စုရပ်ရှိ နေအိမ် (၃)လုံးတွင် နေထိုင်သည့် မိသားစုဝင်များအား အရေးပေါ်ရွှေ့ပြောင်းရန်လိုအပ်ခဲ့သည်။
ထို့ကြောင့် ညောင်ဦးမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက အိမ်ထောင်စု (၃) စုမှမိသားစုဝင်များအား မြသိန်းတန် ဘုရားဝန်းအတွင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


