ထိုင်းနိုင်ငံရှိ သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သြဂုတ်လ (၂) ရက်မှစပြီး အသစ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံကူးလက်မှတ်များကို လာမည့် သြဂုတ်လ (၂)ရက်မှစပြီး အသစ်ပြုလုပ်ပေးမည်ဖြစ်သည်။
အဆိုပါ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ရန် ရက်ချိန်းတိုကင်များကို ဇူလိုင်လ (၂၉) ရက်မှစတင်ပြီး စနေနေ့တိုင်း နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ ရုံးဟောင်းဂိတ် (ယခင်နေရာ)တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရက်ချိန်းတိုကင် လာရောက်ထုတ်ယူသူများ အနေဖြင့် မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ် စာအုပ်ကို ယူဆောင်လာရမည်ဖြစ်ပြီး မျက်နှာဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင်ကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကိုယ်စားလှယ်များဖြင့် ထုတ်ယူခြင်းကို လုံး၀ ခွင့်ပြုမည်မဟုတ်ဘဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အရေအတွက်သည် အနည်းငယ်သာရှိသည့်အတွက် ညအချိန်မှစပြီး နေရာယူတန်းစီရန် မလိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
