စူပါဆိုင်ကလုန်း မိုခါ၏ ဒဏ်ကို ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ လူပေါင်း ၂၃၀,၀၀၀ ကျော်ထံ WFP မှပေးအပ်မည့် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များရောက်ရှိနေပြီဖြစ်ကြောင်း ဇွန်လ (၁) ရက်တွင် သတင်းထုတ်ပြန်ထားသည်။
WFP ၏ စားနပ်ရိက္ခာ အထောက်အပံ့များကို ရခိုင်ပြည်နယ် ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင် ၊ မောင်းတောမြို့နယ်များမှ မုန်တိုင်းသင့်ပြည်သူများအတွက် ဝေငှဖြန့်ဖြူးနေပြီဖြစ်ပြီး ထပ်မံတိုးချဲ့၍ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတို့၏ ဝန်ထမ်းများသည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်လှမ်းမီသည့် မုန်တိုင်းဒဏ်သင့် ဒေသများသို့ အသက်ကယ်စားနပ်ရိက္ခာများ အမြန်ဆုံးပေးအပ်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ခံစားခဲ့ရသည့် ဒေသများရှိ လူဦးရေ ၈၀၀၀၀၀ ထံ ကနဦးအနေဖြင့် သုံးလစာအရေးပေါ်စားနပ် ရိက္ခာအပါအဝင် ငွေသားအထောက်အပံ့များကို ပေးအပ်နိုင်ရန် ရည်မှန်းထားကြောင်းလည်း WFP မှ အသိပေးထုတ်ပြန်ထားသည်။

