ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်ရှိ မူကြိုကျောင်းတစ်ကျောင်းတွင် အသက်(၅)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး မေ ၄ ရက်က ကျောင်းကားအတွင်းပိတ်မိကာ အသက်ရှုကြပ်၍သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် အသက်(၅)နှစ်အရွယ်ရှိ Saw blessing ko ko (ခ)ဖိုးခွားလေးသည် မေ ၄ ရက်နံနက်ပိုင်းက မူကြိုကျောင်းတက်ရန်ကျောင်းကားဖြင့်သွားရောက်စဥ် ကားပေါ်၌ရေဘူးကျန်ခဲ့သဖြင့်တက်ယူရာမှ ကားတံခါးပြန်ဖွင့်မရဘဲ အသက်ရှုကြပ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ကလေးကရေဘူးတက်ယူပြီးပြန်ဆင်းတဲ့အချိန် ကားတံခါးကဖွင့်လို့မရတော့ဘဲ ကားပေါ်မှာပိတ်မိသွားတာ မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ ကလေးက ကားပေါ်မှာပိတ်မိနေတာ ရာသီဥတုပူတာနဲ့လေလုံပြီး အသက်ရှုကြပ်သေဆုံးသွားတာပါ” ဟု မှော်ဘီမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်အား ကျောင်းဆင်းချိန်တွင် နေအိမ်သို့ကလေးငယ်ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မိခင်ဖြစ်သူမှ ကျောင်းသို့ဆက်သွယ်မေးမြန်းရာ ကျောင်းတက်ခြင်းမရှိကြောင်း ပြန်လည်ဖြေ ကြားခဲ့သဖြင့် လိုက်လံရှာဖွေရာမှ ကျောင်းကားပေါ်၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
Saw blessing ko ko (ခ)ဖိုးခွားလေးသည် ယခင်ရက်ပိုင်းက ကျောင်းသွားချိန်တွင် နေအိမ်နှင့်နီးသဖြင့် စက်ဘီးဖြင့်သာသွားလာခဲ့သော်လည်း ရာသီဥတုပူပြင်းမှုကြောင့် ကျောင်းကားဖြင့်သွားလာစေခဲ့ရာမှ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသည့် ကလေးငယ်၏ရုပ်အလောင်းအား မိဘများမှာ တောင်ငူမြို့ဇာတိဖြစ်၍ တောင်ငူမြို့သို့ မေ ၄ ရက်ညနေပိုင်းက သယ်ဆောင်ကာ မေ ၆ ရက်(ယနေ့)တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့ကြကြောင်း သိရသည်။
