ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချထားပေးသည့် နည်းလမ်းများအတိုင်း လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်များအား ကွက်စိပ် ရိုက်၍ ရောင်းချနေမှုများနှင့် ပတ်သက်၍ အစိုးရက ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်း လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူခံရမည်ဟု သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေအမျိုးအစားများအား ဈေးနှုန်းသက်သာစွာ အိမ်ခြံမြေအကျိုးဆောင်များ၊ ပွဲစားများမှ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Live လွှင့်ကာ မဲနှိုက်ရောင်းချခြင်း၊ကြေညာရောင်းချနေခြင်းများနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် ၊ ပြည်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပုံစံ (၇) ရရှိထားသော်လည်း ပုံစံ (၇) ပါစည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ခြင်းမရှိဘဲ ကျော်လွန် ဆောင်ရွက်ခြင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ မြေကွက်များ အကွက်ရိုက်ခြင်း၊ အဆောက်အဦးများ ဆောက်လုပ်နေခြင်း၊အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ မြို့မြေများပေါ်ရှိ မြေ ငှားဂရန် အငှားချထားခြင်း ခံရသူများမှလည်း မြေငှားဂရန်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိပ်များရိုက်၍ ရောင်းချနေခြင်းများရှိနေကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။
ပြင်ဦးလွင်မြို့ ၊ မြို့ပေါ်ရပ်ကွက်ကြီး(၂၁)ရပ်ကွက်သည် စည်ပင်နယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ ယင်းရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရားဝင်ဆောက်လုပ်ခွင့်ရှိသယောင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြေညာ၍ မြေကွက်များရောင်းချနေသည်ကိုလည်း စိစစ်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ထားသည်။
ယင်း မြေကွက်များအား ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများအပေါ် မြေအမျိုးအစားနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေကွက်များအား ကွက်စိပ်ရိုက်၍ မက်လုံးပေးရောင်းချနေမှုများကို ဝယ်ယူမိပါက နောင်တစ်ချိန်တွင်နစ် နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ပြီး မြေယာလုပ်ပိုင်ခွင့် ရရှိသူများ အနေဖြင့်လည်း မြေအမျိုးအစားအလိုက် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်းလိုက်နာခြင်းမရှိပါ က သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဟု ပြည်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထားသည်။
