နာမည်ကျော် ကာတွန်းကား Moana ကို လူသားဖြင့် ပြန်ရိုက်မယ်လို့ ဒရော့ခ် ကြေညာ

0
1045

မင်းသားကြီး ဒဝိန်း “ဒရော့ခ်” ဂျွန်ဆင်ဟာ ၂၀၁၆ ခုနှစ်မှာ လူကြိုက်များခဲ့ပြီး ရုံတင်ငွေ အဝင်ကောင်းခဲ့တဲ့ ကာတွန်းရုပ်ရှင်ဇာတ်ကား “Moana” ကို လူသား သရုပ်ဆောင်ဖြင့် ပြန်ရိုက်မယ်ဆိုပြီး ဧပြီလ ၃ ရက် တနင်္လာနေ့မှာ ကြေညာလာပါတယ်။

Moana ကာတွန်းကားမှာ နတ်တစ်ပိုင်း လူတစ်ပိုင်းဖြစ်တဲ့ မာဝီ ဇာတ်ကောင်ကို အသံသရုပ်ဆောင်ပေးခဲ့တဲ့ ဒရော့ခ်ဟာ လူကားမှာလည်း မာဝီနေရာမှာ ပြန်လည်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ မိုအာနာ နေရာကို အသံသရုပ်ဆောင်ပေးတဲ့ အော်လီကာဗာလျို ကတော့ လူကားဗားရှင်းမှာ အမှုဆောင်ထုတ်လုပ်သူအနေနဲ့ တာဝန်ယူသွားမှာပါ။

Moana ဇာတ်ကားဟာ ဒရော့ခ် အမေရဲ့ မျိုးနွယ်ဖြစ်တဲ့ ဆာမိုအန်လူမျိုးတွေအပေါ် အခြေခံရိုက်ထားတာပါ။ ဒါကြောင့် ဒရော့ခ်က ဒီဇာတ်ကားကို သူရဲ့ကွယ်လွန်သူ အဘိုး ပီတာမိုင်ဗီရာ ကိုရည်စူးပြီး ရိုက်ကူးသွားမယ်လို့ ပြောလာပါတယ်။

ဒါပေမယ့် လူကားရိုက်ဖို့ အခုမှစတင်ပြင်ဆင်နေဆဲဖြစ်ပြီး ရိုက်ကူးရေး ဒါရိုက်တာတောင် မကြေညာရသေးပါဘူး။ ဒစ္စနီ ကာတွန်းစတူဒီယိုက ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Moana ဟာ ၂၀၁၆ ခုနှစ်မှာ ရုံတင်ငွေ ဒေါ်လာ ခြောက်ရာမီလျံကျော် ရရှိခဲ့တဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ကာတွန်းကား ဖြစ်ပါတယ်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here