အသစ်တွေ့ရှိထားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု စနေနေ့တွင် ကမ္ဘာအနီးမှဖြတ်သန်းမည်ဟု NASA ဆို

0
81

2023 DZ2 ဟု အမည်ပေးထားသော အသစ်တွေ့ရှိထားသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုသည် မတ်လ ၂၅ရက် စနေနေ့တွင် ကမ္ဘာနှင့် ကီလိုမီတာ ၁၆၀၀၀၀ခန့် (မိုင် ၁၀၀၀၀၀ခန့်) အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း NASA လေ့လာရေးစခန်းကဆိုထားသည်။ ထိုသို့ဖြတ်သန်းမှုကြောင့် ကမ္ဘာအတွက် မည်သည့်အန္တရာယ်မျှ မရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ထားသည်။

NASA မှ အသုံးပြုလေ့လာလျှက်ရှိသည့် အချိန်နှင့်တစ်ပြေးညီ ခြေရာခံကိရိယာမှ အချက်အလက်များအရမူ အချင်း ၅၅ မီတာရှိသော ယင်းဂြိုဟ်သိမ်ဂြိုဟ်မွှားသည် တစ်စက္ကန့်လျှင် ၃၆.၈၄ ကီလိုမီတာ အမြန်နှုန်းဖြင့် ကမ္ဘာအနီးတွင် ရွေ့လျားနေကြောင်းသိရသည်။

ထိုသို့သော အနီးကပ်ချဉ်းကပ်မှုများသည် ပုံမှန်ဖြစ်ပျက်နေသော်လည်း၊ ဤအရွယ်အစားရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှားမျိုးအနီးကပ်ချဉ်းကပ်မှုမှာမူ ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ်မျှသာ ဖြစ်ပေါ်လေ့ရှိပြီး သိပ္ပံပညာရှင်များအတွက် လေ့လာရန်ထူးခြားသောအခွင့်အရေးတစ်ရပ်ကို ပေးစွမ်းသည်ဟုလည်း NASA က ဆိုသည်။

International Asteroid Warning Network မှ နက္ခတ္တဗေဒပညာရှင်များသည် ဂြိုဟ်ကာကွယ်ရေးအကြောင်း ပိုမိုလေ့လာရန် အနီးကပ်ချဉ်းကပ်မှုကို စောင့်ကြည့်မည်ဖြစ်ကြောင်း NASA က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here