အိုမန်နိုင်ငံ(Sultanate of Oman)၏ ဆူလတန်ဘုရင် Haitham bin Tariq Al Said သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီသို့ ပထမဆုံးအကြိမ်အဖြစ် ဖုန်းခေါ်ဆိုခဲ့ကြောင်း Kremlin သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်သည်။
ယင်းသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံး တယ်လီဖုန်းပြောဆိုမှုလည်းဖြစ်ကြောင်းသိရသည်။
Kremlin ၏အဆိုအရ နှစ်နိုင်ငံခေါင်းဆောင်တို့သည် လက်ရှိအခြေအနေနှင့် ရုရှား-အိုမန် အပြန်အလှန်ဆက်ဆံရေးအတွက် အလားအလာများကို စေ့စေ့စပ်စပ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
“ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ခြင်းနှင့် အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနယ်ပယ်တို့တွင် အပြန်အလှန်အကျိုးရှိသော ပူးတွဲစီမံကိန်းများကို အကောင်အထည်ဖော်ရေးအတွက် အထူးအာရုံစိုက်ဆွေးနွေးခဲ့ကြသည်” ဟု Kremlin ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေး အဆက်အသွယ်နှင့် ဆွေးနွေးပွဲတို့ကို အဆင့်အသီးသီးဖြင့် ဆက်လက်ထားရှိရန် သဘောတူခဲ့ကြသည်။ ပူတင်သည် ရမ်ဇာန်လမြတ်အတွက် ဆူလတန်ဘုရင်နှင့် အိုမန်ပြည်သူများအား နှုတ်ခွန်းဆက်ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆိုဗီယက်ယူနီယံနှင့် အိုမန်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၈၅ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အိုမန်သည် ရုရှားအား ဆိုဗီယက်ယူနီယံကို ဆက်ခံသည့်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။