သက်ရှိသတ္တဝါများအားလုံးအတွက် ရေလုံလောက်စွာရရှိစေရေးနှင့်ပတ်သက်၍ အမျိုးသား အဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌမှ မတ် ၂၂ ရက်နံနက်ကကျင်းပသည့် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေချိုအရင်းအမြစ်များ များပြား၍ တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသော်လည်း အချို့နေရာဒေသများတွင် သောက်သုံးရေအခက်အခဲမလုံလောက်သည့် ပြဿနာများရှိနေသည်ဟု ဆိုသည်။
အထူးသဖြင့် အပူပိုင်းအညာဒေသ၊မိုးခေါင်ရေရှားဒေသအချို့တွင် နွေရာသီကာလရောက်ရှိပါက သောက်သုံးရေအခက်အခဲများရှိနေကာ ယင်းဒေသများ၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတွင်လည်း ရေအခက်အခဲကြောင့် လူမှုစီးပွားဘဝအဆင်မပြေမှုများရှိနေသည်ဟု ဆိုသည်။
ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကိုသွယ်တန်းပေးခြင်း၊အဝီစိတွင်းများတူးဖော်ပေးခြင်း၊ဆည်တာတမံများဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊မြစ်ရေတင်စီမံကိန်းများဖော်ဆောင်ပေးခြင်း၊မြေအောက်ရေထိန်းတမံများဆောက်လုပ်ပေးခြင်း စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
ရေကိုထိထိရောက်ရောက်နှင့်အဟောသိကံ မဖြစ်အောင်ချွေတာသုံးစွဲရန် လိုအပ်ကာ သက်ရှိသတ္တဝါများအတွက် ရေလုံလောက်စွာရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးစားပေး ဆောင်ရွက်သွားရမည်ဟု ဆိုသည်။
ထို့ပြင် ရေအရင်းအမြစ်သည် သယ်ယူပို့ဆောင်ရေးအတွက်လည်း အရေးကြီးသည့်ကဏ္ဍမှပါဝင်ကာ ရေကြောင်းခရီးဖြင့်သွားလာခြင်း၊ပို့ဆောင်ခြင်းများတွင် လွယ်ကူမြန်ဆန်ထိရောက်ခြင်းကြောင့် မြစ်ချောင်းများမတိမ်ကောရေးကို ဂရုပြုထိန်းသိမ်းရမည်ဟုလည်း မှာကြားခဲ့သည်။
“ရေသယံဇာတသည် ရာသီဥတုပြောင်းလဲမှုကို ခုခံဖို့လက်နက်ကောင်းတစ်ခုဖြစ်ပါတယ်၊ ဒါ့ကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ် သက်သာတဲ့ ရေပေးဝေမှုနဲ့သန့်ရှင်းမှုဆိုင်ရာနည်းလမ်းတွေကို ရှာဖွေအသုံးပြုကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ရေအသုံးပြုသူများကြား ရေရှည်တည်တံ့သည့် ရေအသုံးချမှုနှင့်ပတ်သက်သည့် အသိပညာ၊ဗဟု သုတ၊နည်းပညာ၊ပူးပေါင်းဆောင်ရွက်မှု၊ဆွေးနွေးတိုင်ပင်မှု၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။




