ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယခုနှစ်နှောင်းပိုင်းခန့်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် တရုတ်သမ္မတရှီက ၎င်း၏နိုင်ငံတော်ခရီးစဉ် ဒုတိယနေ့တွင် ပြန်လည် ဖိတ်ခေါ်ခဲ့သည်။
တရုတ်နှင့် ရုရှားတို့သည် အကြီးမားဆုံးအိမ်နီးချင်းနိုင်ငံများဖြစ်ပြီး၊ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းဌာနများကဖော်ပြထားသည်။
တနင်္လာနေ့ လေးနာရီကျော်ကြာ ဆွေးနွေးပွဲများအတွင်း ရုရှား-ယူကရိန်းစစ်ပွဲအရေးသည် နှစ်နိုင်ငံခေါင်းဆောင်များအတွက် အဓိကကျသည့် ခေါင်းစဉ်တစ်ခုဖြစ်ကြောင်း တွေ့ဆုံပွဲမတိုင်မီ မစ္စတာပူတင်က ပြောကြားခဲ့ကာ စစ်ပွဲအဆုံးသတ်ရေးတွက် တရုတ်နိုင်ငံ၏ ကနဦးအဆိုပြုမှုကို ဆွေးနွေးရန် အသင့်ရှိကြောင်းကိုလည်း သူကပြောကြားခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကမူ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် တရုတ်၏ အဆိုပြုချက်များသည် ရုရှားနိုင်ငံအပေါ် ဘက်လိုက်သည်ဟုဆိုကာ လက်သင့်မခံပဲ ပယ်ချခဲ့သည်။