ဗြိတိန်နိုင်ငံ ခန်းဖို့မြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၅ ရက်နေ့က မာရက်ခ် ဟက်ကို ဆိုသူဟာ ရည်းစားဟောင်း စတက်ဖနီ ဘရင်းရဲ့ လက်ရှိရည်းစား အေဒရီယန် အက်လင်ဖို့ ကို နေအိမ်မှာ နောက်ကျောကနေ ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အေဒရီယန် ပွဲချင်းပြီး သေဆုံးသွားပေမယ့် ညဘက်လူအိပ်ချိန် ဖြစ်နေတဲ့အတွက် တရားခံ ဘယ်သူလဲဆိုတာ မသိလိုက်ပါဘူး။
နောက်တစ်နေ့ မနက် အခင်းဖြစ်တဲ့နေရာကို ရဲတွေ စုံစမ်းနေကြချိန် ဟက်ကို ဟာ အရက်ပုလင်းကို လက်မှာကိုင်ပြီး မူးမူးနဲ့ ရောက်လာခဲ့ပါတယ်။ ရဲတွေကိုလည်း အဲနေရာမှာ ဘာဖြစ်သွားတယ်ဆိုတာ မြင်လိုက်တယ်လို့ ပြောခဲ့ပါတယ်။
“လူတစ်ယောက်က ဒီနေရာကိုလာပြီး အခြားတစ်ယောက်ကို သတ်သွားတာ မြင်လိုက်တယ်၊ ကျွန်တော်သာ ရှိမနေဘူးဆိုရင် ခင်ဗျားတို့လည်း ဘာဖြစ်သွားလဲဆိုတာ သိမှာမဟုတ်ဘူး၊ အခုလိုမျိုးပြောပြလို့ ကျွန်တော်လုပ်တယ်လို့ ထင်ရင်လဲ ခင်ဗျားတို့မှာ သက်သေမရှိပါဘူး” လို့ ဟက်ကို က ရဲတွေကို ပြောခဲ့ပါတယ်။
အဲဒီနောက် ရဲတွေဟာ ဟက်ကို ကို ဖမ်းလိုက်ပြီး ခန်းဖို့မြို့က တရားရုံးမှာ သုံးပတ်ကြာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဟက်ကိုက သူ မသတ်ကြောင်း ငြင်းဆိုခဲ့ပေမယ့် အခင်းဖြစ်တဲ့နေရာမှာ တွေ့ရတဲ့ ဝိုင်ပုလင်းနဲ့ ကျိုးကျကျန်ခဲ့တဲ့ ဓားလက်ကိုင်မှာ ဟက်ကိုရဲ့ ဒီအန်အေကို တွေ့ရှိခဲ့ပါတယ်။
ဟက်ကို ကို မနေ့က တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် တရားသူကြီးက လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။
အေဒရီယန်ဟာ ဟက်ကိုရဲ့ နောက်ကျောကနေ ဓားနဲ့ နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ထိုးနှက်တာကို ခံခဲ့ရပြီး သေဆုံးသွားချိန် ကလေးနှစ်ယောက် ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။
Source: မက်ထရို



