ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ်တင်ဆောင်လာသော ဆာလာအိတ်များ အတွင်းမှ ငွေကျပ်သိန်း ၂၅၂၀ တန်ဖိုးရှိ ဘိန်းဖြူများအား မတ်လ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၀ ရက်တွင်
မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာ၊ တာဆန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ယင်းနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းခမ်း မောင်းနှင်လာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များ အတွင်းမှ ဘိန်းဖြူအလေးချိန် ၂၁ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် စိုင်းခမ်း(၃၂)နှစ်အား မိုင်းပန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။