ဖတ်လက်စ စာအုပ်ထဲကပဲ
ခုန်ထွက်သွားသလိုလို ၊
မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေကြားမှာပဲ မင်းရှိနေသလိုလို
လှန်လှောရှာရ ။
တစ်နိုင်တစ်ပိုင်
အခန်းကျဉ်းလေးထဲမှာ
တစ်နိုင်တစ်ပိုင်လေး
နေထိုင်ခဲ့တာတောင်
သတိရစိတ်ဟာ
တစ်နိုင်တစ်ပိုင်မက ငါ့ကိုသတ်တယ် ။
ညှိထားတဲ့ဆေးလိပ်ဟာ
သစ္စာရှိရှိကုန်ဆုံးနေတယ်
ညှိမထားတဲ့စိတ်ဟာ
သစ္စာစောင့်သိမှုနည်းတယ် ။
အငွေ့တွေတစ်လိမ့်လိမ့်
လွင့်ပြယ်နေပုံကအစ
ငါ့ရဲ့စိတ်ကို ညတယ်
သတိရစိတ်ဟာ အငွေ့ ပြယ်တက်ဖို့
မေ့နေသလား?
မင့်ကိုသတိရမိတဲ့အခါ
နံရံတွေကိုငေးတယ်
ပြူတင်းတံခါးတွေကို ငေးတယ်
ကောင်းကင်ကြီးကိုငေးတယ်
ကိုယ့်ကိုယ်ကို ပြန်ငေးနေဖို့ကလွဲရင်
အရာအားလုံးကို ငေးတယ် ။
မင့်ကိုသတိရမိတဲ့အခါ
သစ်ရွက်တွေကြွေတာကအစ
လှိုက်ဖိုမောရ
မရှိနိုင်တော့တဲ့ အနာဂါတ်မှာ
မရှိနိုင်တော့တဲ့ အကြောင်းတွေ
တွေးမိရင်းလှိုက်ဖိုမောရ ။
မင်းကိုသတိရမိတဲ့အခါ
ငါ့ဟာ
ငါ့ကိုယ်ငါ လောင်မြိုက်နေမိတဲ့
ဆေးပေါ့တစ်လိပ်ပဲ
ကိုယ့်ကိုယ်ကို အငွေ့ ပြယ်ရတာ
ကျေနပ်တယ်
ကိုယ့်ကိုယ်ကို လောင်ကျွမ်းရတာ
ကျေနပ်တယ်
ဆေးလိပ်ခွက်ထဲက ပြာပူလေးတွေလို
တစ်ငွေ့ငွေ့ လောင်မြိုက်ရင်း
နေထိုင်တယ် ။
မင်းကိုသတိရမိတဲ့အခါ
ကဗျာလေးတွေရေးဖြစ်တယ်
ကဗျာလေးတွေရွတ်ဖြစ်တယ်
ကဗျာလေးတွေနဲ့ ငေးဖြစ်တယ် ။
မင်းကိုသတိရမိတဲ့အခါ . . .။
အိဏ်ဝေး