အဘိုးကြီး ။ ။ ကျုပ်ဘုန်းကြီးကျောင်းကို မရောက်တာကြာပြီ မရွှေသင်ရဲ့။
အမယ်ကြီး ။ ။ ကျုပ်လည်း အတူတူပတော်။ (ပြောင်းဖူးဖက်ဖွာရင်းပြော)
အဘိုးကြီး ။ ။ ဒီကနေ့ဘာနေ့လဲ။ ကျုပ်တို့ ဥပုသ်နေ့ကျရင် ဘုန်းကြီးကျောင်းသွားမှ ထင်ရဲ့။ ပေးစမ်း ကျုပ်တစ်ဖွာလောက် (အမယ်ကြီး ပြောင်းဖူးဖက်လိပ်ကိုယူ၍ ဖွာ)
အမယ်ကြီး ။ ။ ဒီမယ်ကိုရင်၊ ကျုပ်ပြောမယ်၊ တော်က ဘုန်းကြီးကျောင်းရောက်ရင် ဇရပ်ထဲ ငုတ်တုတ်ကြီး။ ကျုပ်က ကျောင်းဝိုင်းထဲက အမှိုက် သရိုက်တွေ တံမြက်တလင်းလှည်းရသယ်။ ပြီး တော့ ကိုရင်က ဘုန်းကြီးကျောင်းထဲ ဆွမ်းစားသံ ချောင်းခေါက်ရင် ခွေးတွေ စုပြုံပြီး အူကြတာကို နားထောင်ပြီး ခေါင်းတညိတ်ညိတ်နဲ့။ ကျုပ် ကတော့ ဆွမ်းကျန် ကွမ်းကျန်တွေ နယ်ဖတ်ပြီး ခွေးကျွေးရသယ်။
အဘိုးကြီး ။ ။ ဟဲ့ မယ်သင်ရဲ့ ညည်းဥစ္စာ က ငါ့ကို ဘဝင်မကျနေသာကလား၊ ရော့ရော့။ (ပြောင်းဖူးဖက် လိပ်ကို အမယ်ကြီးအား ပြန်ပေး) သတ္တဝါရယ်လို့ ဖြစ်လာရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏက ဘယ်လွတ်လိမ့်မတုန်း၊ အိုနာသေဘေးက ကျုပ်တို့လည်း ကြုံရမှာ ဥစ္စာ။
အမယ်ကြီး ။ ။ (ပြောင်းဖူးဖက်လိပ်ကို ရဲခနဲ ဖွာလိုက်ရင်း) အိုတော် ကိုရင့်နှယ် အဲဒီလိုပြောတော့ ကျုပ်လည်းသိတာပ။ တော်က ဘာ့ကြောင့် ခွေးအူ သံကြားတော့ ခေါင်းတညိတ်ညိတ်ဖြစ်ရသာတုံး။
အဘိုးကြီး ။ ။ ဟဲ့မယ်သင် – အဟိတ်တိရစ္ဆာန် မှန်ပေမယ့် သူ့သညာနဲ့ သူရှိပုံကို သဘောပါလို့ ကျုပ်က ခေါင်းညိတ်ရသာပဲ။
အမယ်ကြီး ။ ။ ဒီမယ် ကိုရင် အဲသလိုဆိုတိုင်းသာ ခေါင်းညိတ်နေရရင်တော့ ခေါင်းဘယ်အားမှာတုံး (လက်ညှိုးဖြင့်မီးစကိုသတ်၍ ပြောင်း ဖူးဖက်လိပ်ကို ဖွာနေ)
အဘိုးကြီး ။ ။ ကိုင်းကိုင်း – ပြောင်းဖူးဖက်လိပ် အသာချပြီး ကျုပ် ပြောတာ နားထောင်။ အခုလာမယ့် လကွယ်ဥပုသ်နေ့ကျရင် ကျုပ်တော့ ဘုန်းကြီးကျောင်းကို သွားရလိမ့်မယ်။ မရွှေသင်လိုက်မယ်ဆိုရင် လိုက်နိုင်တယ်။ နေခဲ့ချင်ရင်လည်း နေခဲ့နိုင်တယ်။
အမယ်ကြီး ။ ။ (ပြောင်းဖူးဖက် လိပ်ဖွာရင်း ခေါင်းတဆတ်ဆတ်ညိတ်နေ)
အဘိုးကြီး ။ ။ (အမယ်ကြီးကို ကြည့်ရှုရင်း ခေါင်းတဆတ်ဆတ်ညိတ်နေ)
နေမျိုး