အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် တီဟီရန်မြို့တောင်ဘက်ရှိ ဗာရာမင်မြို့ပေါ်တွင် အစ္စရေး F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း IRNA သတင်းအေဂျင်စီက မြို့နယ်အာဏာပိုင်ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။
“စစ်တပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဗာရာမင်မြို့နယ်ခရိုင်၊ ဂျာဗတ်အာဘတ်ဒ်ဒေသမှာ ဇီယွန်ဝါဒီအစိုးရရဲ့ ရန်သူ့ F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချရှင်းလင်းလိုက်ပါပြီ” ဟု ၎င်းက ပြောကြားခဲ့ကြောင်း သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။
ဤ F-35 တိုက်လေယာဉ်သည် ဇွန်လ ၁၃ ရက်နေ့ အီရန်-အစ္စရေး ပဋိပက္ခ စတင်ကတည်းက ယနေ့အထိအီရန်ဖက်မှပစ်ချခဲ့သည့် ပဉ္စမမြောက် အစ္စရေးတိုက်လေယာဉ် ဖြစ်သည်။
ILNA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဗာရာမင်မြို့ပေါ်တွင် အစ္စရေး မောင်းသူမဲ့လေယာဉ်တစ်စင်းလည်း ပစ်ချခံခဲ့ရသေးသည်။
ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အစ္စရေးသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားသည့် “Operation Rising Lion” စစ်ဆင်ရေးကို စတင်ခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ တိုက်လေယာဉ် ၂၀၀ သည် အီရန်ရှိ နျူကလီးယားစက်ရုံများအပါအဝင် ပစ်မှတ် ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။
ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်သည် အစ္စရေးရှိ ပစ်မှတ်ဒါဇင်ပေါင်းများစွာကို ဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရေးဆိုင်ရာအဆောက်အအုံများနှင့် လေတပ်အခြေစိုက်စခန်းများ အပါအဝင် တဲလ်အဗစ်ရှိ ကာကွယ်ရေးဝန်ကြီးဌာနကို အဓိကအားဖြင့် ထိမှန်ခဲ့ကြောင်း ကြေညာခဲ့သည်။
နောက်ပိုင်းရက်များတွင် အစ္စရေးနှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။ နှစ်ဖက်စလုံးက ဤတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများရှိကြောင်း သတင်းပို့ခဲ့ကြပြီး ပစ်မှတ်အချို့ ထိမှန်ခဲ့သည်ကို ဝန်ခံခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုမှာ အနည်းငယ်သာရှိကြောင်း ဆိုခဲ့ကြသည်။