မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကဒါကျေးရွာရှိ ခေမာသိဝံပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ကျင်းပသည့် (၄၁)ကြိမ်မြောက် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲသို့ သံဃာတော်နှင့် သီလရှင် (၄၇၇)ပါးဝင်ရောက်ဖြေဆိုတော်မူလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအား ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများပေါ် ထွန်းလာစေရန် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့်ပြုလုပ်သည့် ရေးဖြေစာမေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နံနက် ၇ နာရီကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ဓမ္မယုတ္တိက နိကာယအသင်းစာမေးပွဲကျင်းပရန် အလှူငွေကျပ်သိန်း(၂၀)ကို ပေးအပ်လှူဒါန်းပြီးနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာများအား လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်းပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေးဖြေစာမေးပွဲဖြေဆိုတော်မူနေကြသည့် သံဃာတော်၊ သီလရှင်များအား ကြည့်ရှုအားပေးပြီး စာဖြေသံဃာတော်များနှင့် စာမေးပွဲကျင်းပသည့်ကာလအတွင်း လိုအပ်သည်များကို ဖြည့်ဆည်းကုသိုလ်ယူခဲ့သည်။
(၄၁)ကြိမ်မြောက် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်းရေးဖြေစာမေးပွဲအား ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ ဆရာတော် ၊ သံဃာတော်(၈၂)ပါး၏ ကြီးကြပ်မှုဖြင့် သံဃာတော်နှင့် သီလရှင်ဂုဏ်ထူးတန်း(၉)ပါး၊ ဓမ္မစရိယတန်း(၈၂)ပါး၊ ပထမကြီးတန်း(၂၈)ပါး၊ ပထမလတ်တန်း(၄၅)ပါး၊ ပထမငယ်တန်း(၉၃)ပါး၊ မူ လတန်း(၈၈)ပါး၊ ဥပစာတန်း(၁၃၂)ပါး(စုစု ပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် ၄၇၇ ပါး) ဝင်ရောက်ဖြေဆိုတော်မူလျက်ရှိသည်။
