လာမည့် ၂၄ နာရီကျော်အတွင်း ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိကျော်လွန်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၅ ရက်မွန်းလွဲ ၂ နာရီက အသိပေးခဲ့သည်။
မိုးဇလ၏အသိပေးချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေကာ လာမည့် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့အတူ ဖောင်းပြင်မြို့၌လည်း ချင်းတွင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်တွင် ရောက်ရှိနေသော်လည်း လာမည့် ၃၆ နာရီအတွင်း၌ မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
ထို့ကြောင့် ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုကာ မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန်လည်း မိုးဇလကသတိပေးနှိုးဆော်ခဲ့သည်။
