၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၀) ခုကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများမှာ အင်္ဂလိပ်စာသင်ကြားရေး၊ အသုံးချစိတ်ပညာ၊ အသုံးချရူပဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ၊ မနုသဗေဒ၊ လူမှုရေးပညာ၊ အသုံးချဘူမိဗေဒနှင့် အရှေ့တိုင်းပညာ ဒီပလိုမာသင်တန်းများဖြစ်သည်။
အမှတ်စဉ် (၁) မှ (၈) အထိ သင်တန်းများသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
အစိုးရဝန်ထမ်းများနှင့် အခြားလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲ၏ တက်ရောက်ခွင့်ပြုထောက်ခံချက်ပါရှိရမည်ဖြစ်သည်။
အသုံးချဘူမိဗေဒ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် Economic & Mining Geology၊ Exploration Geochemistry၊ Exploration Geophysics၊ Gemology၊ Hydrogeology၊ Engineering Geology နှင့် Petroleum Geology စသည့် အထူးပြုဘာသာရပ်များကို (၁) နှစ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးပြုဘာသာရပ်များသို့ ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး မဟာသိပ္ပံအရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အဆင့်မီသူများနှင့် ဘူမိဗေဒဆိုင်ရာ လုပ်ငန်းခွင်တွင် အမြဲတမ်းလုပ်သက် (၂) နှစ်ရှိသူများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အမှတ်စဉ် (၁) မှ (၉) အထိ သင်တန်းများအတွက် လျှောက်လွှာပုံစံများကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် သက်ဆိုင်ရာ ဘာသာရပ်ဌာနများတွင် ဇွန်လ ၁၀ ရက် နောက်ဆုံးထား ထုတ်ယူလျှောက်ထားနိုင်မည်ဖြစ်သည်။
ထို့ပြင် အရှေ့တိုင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းအား တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ (၈) လဖြစ်ကာ သင်တန်းကြေးမှာ ကျပ် ၁၅၀,၀၀၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
လျှောက်လွှာများကို ဇွန်လ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
