နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်နိုင်ရေးကိုဆွေးနွေး
(၁၀)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက်နံနက်ပိုင်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲ၌ နှစ်နိုင်ငံ ရေတပ်တာဝန်ရှိသူများက နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက်ညှိနှိုင်းကင်းလှည့်နိုင်ရေး၊ စစ်ရေယာဉ်များ အပြန်အလှန်လည်ပတ်စဉ်ဆောင်ရွက်မည့်အစီအစဉ်များ၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာများ၊ လေ့ကျင့်ရေးဆိုင်ရာများ၊ သတင်းအချက်အလက်ဖလှယ်ရေးဆိုင်ရာများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးချက်များအား ဇွန် ၁၁ ရက်နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် အထိမ်းအမှတ်တံဆိပ်များအပြန်အလှန်ပေးအပ်ခဲ့ကြကာ တပ်မတော်(ရေ)နှင့် ထိုင်းဘုရင့်ရေတပ်တို့၏ လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ရေတပ်လေ့ကျင့်ရေးဆိုင်ရာ ဆင်မြူလေတာများ၏ သရုပ်ပြသမှုများကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။
