
တောင်ဇလပ်ပန်းတို့ရဲ့ မွှေးရနံ့
ဘဝဂ်တိုင်ရှိနေပါတယ်…အဆွေ။
နှစ်တွေလတွေ ဘယ်လိုပြောင်းပြောင်း
မဟောင်းသေးတဲ့ အတိတ်သမိုင်းက
အာဏာရူး မုဆိုးတစ်သိုက်
အမဲလိုက်နေတဲ့အချိန်ကပေါ့
နီရဲလွန်းတဲ့သွေး ခိုင်မာတဲ့စိတ်ဓါတ်
ခင်ဗျားလျှောက်ခဲ့တဲ့လမ်း
တောင်ဇလပ်ပန်းတွေရဲ့ ရင်ထဲ
အကြိမ်ကြိမ် ဦးညွှတ်နေရဆဲပေါ့။
ခေတ်ကိုပခုံးထမ်း
လျှောက်ခဲ့တဲ့ဒီခရီး
နီးနီးဝေးဝေးပေါ့
နံရံကိုခေါင်းနဲ့တိုက်
ချင်းချင်းနီလျက်သွေးတို့က
အာဏာရူးတွေ တုန်လှုပ်
အဟုတ်ကြောက်ခဲ့ကြတယ်…အဆွေ။
အဲဒီနေ့ကပေါ့
အောက်ချင်းငှက်တွေ ငိုကြ
တောင်ဇလပ်ပန်းတွေမှာလည်း မျက်ရည်တွေနဲ့
ဟိုး…တောင်ပေါ်က
ချယ်ရီထင်းရူးတွေလည်းရနံ့မမွှေးကြဘူး
မြေပြန့်ကတောင်ယာရနံ့နဲ့ထန်းလက်တို့လည်း
တေးမဆိုနိုင်ကြဘူး
ရေပျော်ငှက်တို့နဲ့ မြစ်မင်းဧရာလည်း
တရှုပ်ရှုပ်ငိုပွဲဆင်ခဲ့ကြတယ်…အဆွေ။
ငါ့ခန္ဓာကိုသာသတ်လို့ရမယ်
ငါ့ရဲ့ယုံကြည်ချက်နှင့်ရပ်တည်ချက်ကို
ဘယ်တော့မှသတ်လို့မရဘူး
ခင်ဗျားပြောခဲ့တယ်…
ခင်ဗျားပြောခဲ့တယ် ဆလိုင်း…
ဝုန်းခနဲအသံကြား
ဝိညာဉ်မဲ့ခန္ဓာဟာ
လေမှာတွဲလဲကြိုးတန်းလန်းနှင့်
အဟုတ်ရမ်းနေမယ်
အာဏာရူးတွေကျေနပ် သေနတ်အထပ်ထပ်နဲ့ပေါ့
ဒါပေမဲ့
ဘဝဂ်တိုင်ညံနေတဲ့ သွေးသစ္စာစကား
ခင်ဗျားကြားနိုင်ပါတယ်…အဆွေ။
သမိုင်းမဲ့နေ့ဆိုတာမရှိဘူး
ရင်ကိုပဲထိုးဖောက်ဖောက်
ပေတရာထက်ကသွေးစက်တွေ
အမိမဲ့နေတဲ့ သားတွေ
အဖမဲ့နေတဲ့ သမီးတွေ
ထွေးပိုက်ခွင့် မရှိတော့တဲ့
တုန်ရီနေတဲ့လက်အစုံတွေ
ခင်ဗျားနဲ့အတူ လျှောက်လှမ်းခဲ့ကြတယ်…အဆွေ။
ငြိမ်းချမ်းရေးဆိုလား ဖက်ဒရယ်ဆိုလား
၂၁ရာစုပင်လုံဆိုလား
အသံတွေကြားနေရပြီ
မြူနှင်းတွေလား တောင်ခိုးတွေလား
ယမ်းနံ့တွေလား
ဒုက္ခသည်စခန်းတွေကအထပ်ထပ်ပေါ့
လယ်သိမ်းယာသိမ်းသွေးအလိမ်းလိမ်း နဲ့
အသက်တွေတောင်လောင်းကြေး ထပ်လို့
ဖွံ့ ဖြိုးရေးဆိုလား မီးလင်းရေးဆိုလား
ခွင့်တူညီမျှမှုဆိုလား
မြင်နေရတယ်
ရာသီတွေဖောက်ပြန်တဲ့အချိန်ကပေါ့…အဆွေ။
တောင်တွေပြို ရေတွေကြီး
ဒုက္ခတွေအထပ်ထပ် အိပ်ပျက်ညတွေရှိ ခဲ့တယ်
လက်ဖက်ခင်းဆိုလား အပြတ်ရှင်းဆိုလား
တောင်ယာတွေတဖြည်းဖြည်းကျုံ့
လိမ္မော်ချိုချို မစားရတာကြာပြီ
ပလတ်စတစ်အမှိုက်ဆိုလား ခရိုနီအကြိုက်ဆိုလား
ခင်ဗျားတို့မေ့နေတာ
ရိုးရာအလှတွေ တဖြည်းဖြည်းပျောက်လို့
ပါးရဲထိုးတာတွေ မရှိတော့ဘူးနော်
ဂီတနှင့်အနုပညာကို လက်ဆင့်ကမ်း ကြ
စာပေနှင့်ယဉ်ကျေးမှုကို စောင့်ရှောက်ကြ
လူမျိုလို့လူမျိုးပြုတ်တတ်တယ်…အဆွေ။
ခေါနုသုန်ကိုကာကွယ်ကြ
ဝိတိုရိယကိုစောင့်ရှောက်ကြ
အောက်ချင်းငှက်တွေ သစ္စာရှိကြ
တောင်ဇလပ်ပန်းတွေ မွှေးပျံ့နေကြ
တောင်တန်းအလှကို ထိန်းသိမ်းကြ
ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ကြ
ရဲရဲနီသွေးနဲ့ ရေးတဲ့သမိုင်း
ငါတို့ခေတ်မှာ ရှိတယ်။
အောင်နိုင်(ပခုက္ကူ)
