ပညာရေးဝန်ကြီးဌာနက အခြေခံပညာဦးစီးဌာနတွင် စကောကရင်၊ ပိုးကရင်၊ ရခိုင်၊ ချင်း TA/LTဆရာ၊ ဆရာမများကို ခန့်ထားပေးခဲ့ရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးအတွက် အထောက်အကူပြုကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ ၀န်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းရင်းသားရေးရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ရာတွင် ၀န်ကြီးချုပ် ဦးတင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းနေထိုင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ် အခမ်းအနားများ အစဉ်အလာမပျက်ကျင်းပနိုင်စေရန် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဦးစီးဌာနတွင် စကောကရင်၊ ပိုးကရင်၊ ရခိုင်၊ ချင်း TA/LTဆရာ၊ ဆရာမများကို ခန့်ထားပေးခဲ့ရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးအတွက် အထောက်အကူပြုကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းများအနေဖြင့် တိုင်းရင်းသား ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်း ဝန်ကြီးချုပ်က ပြောကြားပြီး မြန်မာ-အင်္ဂလိပ်-စကော ကရင်-အနောက်ပိုးကရင် (၄) ဘာသာ ဝေါဟာရစာအုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
