ဧရာဝတီတိုင်းဒေသကြီးအတွင်း Export Zone ဧက (၁) သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောသည်။
ဆန်စက်လုပ်ငန်းရှင်များ၊ နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုး ဖြစ်ထွန်းစေရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဆန်ဈေးနှုန်းပေါ်မူတည်ပြီး ပြည်တွင်းရှိ စပါးစိုက်တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်များသည်လည်း မြင့်မားလာပြီး တောင်သူများအတွက် အဓိကလိုအပ်သည့် သွင်းအားစုများ၊ ဓာတ်မြေဩဇာများအား အသက်သာဆုံးဖြစ်အောင် နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက (၁) သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံ၍ Contract Farming စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ခရိုင်အလိုက်လျာထားမှုများပြုလုပ်ခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
တိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေးကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် Export Zone တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းလေးသွယ်ကို အခြေခံ၍ စနစ်တကျဖြင့် အရည်အသွေးရှိသည့်ဆန်စပါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆန်စက်များ အရည်အသွေးကောင်းမွန်ရန်နှင့် စပါးခွံ လောင်စာသုံး Gasifier စနစ်မှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
