လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။
ရန်ကုန်တိုင်း(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း(မြောက်ပိုင်း)တို့တွင် ဧပြီ လ၏ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ(အနည်းငယ်)မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့အတွင်းရှိ ဒေသအချို့တွင်လည်း ဧပြီလ၏ ပုံမှန်နေ့အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ (သိသိသာသာ)တိုးမြင့်လာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
ထို့ကြောင့် ယင်းနေ့များ၌ ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဋ္ဌာနများနှင့် အဖွဲ့အစည်းများမှထုတ်ပြန်ထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးသတိပေးချက်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသတိပေးချက်များကို ပူးပေါင်းပါဝင်လိုက်နာနေထိုင်ကြရန် သတိပေးနှိုးဆော်ခဲ့သည်။