One Championship က စီစဉ်ကျင်းပသည့် ONE- 171 ပွဲစဉ်တွင် နာမည်ကျော် မြန်မာဖိုက်တာ အောင်လအန်ဆန်နှင့် တူရကီနိုင်ငံသား ရှာမေးလ်အာဒိုဂန်တို့ မကျေပွဲယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
ONE- 171 ပွဲစဉ်ကို ယနေ့ဖေဖေါ်ဝါရီ (၂၀) ရက် ညပိုင်းတွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ Lusail Sports Arena ၌ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲအတွက် ဖေဖော်ဝါရီ (၁၉) ရက်က ဆေးစစ်ဝိတ်ချိန်မှုများ ပြုလုပ်ခဲ့ရာတွင် အောင်လအန်ဆန်မှာ သတ်မှတ်ဝိတ်တန်း အနည်းငယ်ကွာဟမှုရှိခဲ့ပြီး ပြိုင်ဘက်နှင့် Weight တန်း ညှိယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်နှင့် ပြိုင်ဘက် ရှာမေးလ်အာဒိုဂန်တို့ (၂)ဦးသည် One Championship ၏ Middleweight နှင့် Light Heavy weight တန်းချန်ပီယံဟောင်းများဖြစ်ကြပြီး ဒုတိယအကြိမ် မကျေပွဲ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ကျင်းပသည့် ONE-168 ပွဲစဉ်၌ ပထမအကြိမ်ယှဉ်ပြိုင်ထိုးသ-တ်ခဲ့စဉ်က အောင်လအန်ဆန်မှာ ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။
ပြိုင်ဘက် တူရကီနိုင်ငံသား အာဒိုဂန်မှာအသက် (၃၃)နှစ်အရွယ်ရှိပြီး MMA ပြိုင်ပွဲ (၉)ပွဲတွင် (၉)ပွဲလုံး ရှုံးပွဲမရှိစံချိန်ဖြင့် အနိုင်ရရှိထားသူတစ်ဦးဖြစ်ကာ ONE ပွဲစဉ်အတွင်း (၂)ပွဲထိုး (၂)ပွဲနိုင်ရလဒ်ထွက်ပေါ်ထားသူဖြစ်သည်။
ထို့အတူ အသက် (၃၉) နှစ်အရွယ် အောင်လအန်ဆန်မှာလည်း MMA ပြိုင်ပွဲ (၄၃) ပွဲထိုးသတ်ထားပြီး ပွဲ(၃၀) နိုင်၊ (၁၃) ပွဲသာ ရှုံးနိမ့်ထားကာ ၊ ONE ပွဲစဉ်များတွင် (၁၈) ပွဲ ထိုးသ -တ်ခဲ့ပြီး (၁၄) ပွဲနိုင်၊ (၄)ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်သည်။
