အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား နှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကာ အရေးယူရန် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌မူ မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်နေသည်ဟု သိရသည်။
၄င်းတို့သည် Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် နယ်မြေသတင်းရယူ စုံစမ်းဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ဆောင်ရွက်စဉ် မေ ၉ ရက် မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီးအား မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီး ရခိုင်ကျောင်းမှတ်တိုင်အနီး၌လည်းကောင်း၊ စိုးသီဟ (ခ) ချစ်သားအား ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းနှင့် အမှတ် (၃)လမ်းဆုံအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထွက်ဆိုချက်များအရ ၎င်းတို့ နှစ်ဦးသည် သိန်းထိုက်အောင် (ခ) ဂျပန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာအဝေး ပြေးကားကွင်းအတွင်း အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံယာဉ်များထံမှ ဆင်းလာသည့်ခရီးသည်များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ်စျေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါငွေကြေးတောင်းခံ လုပ်ကိုင်သူနှစ်ဦးကို ဖမ်းဆီးကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
