သတ်မှတ်ထားသည့် ၄၈ နာရီ အချိန် မကုန်ဆုံးမီ နာရီပိုင်းအလိုတွင် အီရန်နှင့် ဆွေးနွေးမှုများ၌ သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့ကြောင်း အကြောင်းပြကာ အီရန်စွမ်းအင်ကဏ္ဍအပေါ် လေကြောင်းမှ တိုက်ခိုက်မည့်အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း သမ္မတ ထရမ့်ကကြေညာခဲ့သည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း “အသေးစိတ်ကျပြီး အပြုသဘောဆောင်သော” ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများအပေါ် တိုက်ခိုက်မှုကို ရွှေ့ဆိုင်းထားရန် စစ်ရေးဝန်ကြီးဌာနကို သမ္မတက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ယခု ရွှေ့ဆိုင်းမှုသည် ယာယီသာဖြစ်ပြီး ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် ဆွေးနွေးမှုများ၏ အောင်မြင်မှုအပေါ်တွင်သာ မူတည်သည်ဟုလည်း သူကဆိုပြန်သည်။
အိမ်ဖြူတော်ဘက်က ဆွေးနွေးမှုများ တိုးတက်မှုရှိသည်ဟု ဆိုသော်လည်း အီရန်အစိုးရပိုင် မီဒီယာများနှင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့ နှင့် နီးစပ်သည့် အေဂျင်စီများကမူ “မည်သည့် ဆွေးနွေးမှုမှ မရှိခဲ့ကြောင်း” ဆိုကြပြီး အစိုးရရုပ်သံက ယခုလုပ်ရပ်ကို အမေရိကန်က “နောက်ဆုတ်သွားခြင်း” ဟု ဆိုနေပြန်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၎င်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို မလိုလားကြောင်းနှင့် လေးပတ်ကြာလာပြီဖြစ်သော စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများအတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း Time မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
စစ်ပွဲသက်တမ်း တစ်လပြည့်လာသည်နှင့်အမျှ အမေရိကန်ပြည်သူများအပေါ် သက်ရောက်မှုမှာ ပိုမိုကြီးမားလာသည်။ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့နေမှုကြောင့် တစ်လအတွင်း အမေရိကန်တွင် ဓာတ်ဆီဈေးမှာ တစ်ဂါလန်လျှင် ၁ ဒေါ်လာနီးပါး မြင့်တက်လာခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်ကလည်း လွှတ်တော်ထံမှ စစ်စရိတ်အဖြစ် ဒေါ်လာ ဘီလီယံ ၂၀၀ ထပ်မံတောင်းခံရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကမူ အစိုးရအနေဖြင့် စစ်စရိတ်အတွက် အများပြည်သူအပေါ်အခွန်တိုးမြှင့်ရန် အစီအစဉ်မရှိကြောင်း “Meet the Press” အစီအစဉ်တွင် ပြောကြားခဲ့သည်။
