အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိပေးချက်များကိုထုတ်ပြန်ခဲ့ပြီး အစ္စရေးရောက် တရုတ်နိုင်ငံသားများအနေဖြင့် ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်နိုင်ခြေအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည်။
“မြေပြင်လုံခြုံရေးအခြေအနေက ရှုပ်ထွေးပြီး ပြင်းထန်” ခြင်းကြောင့် နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ကိုကောင်းမွန်စွာလုပ်ဆောင်ထားရန် စစ်စခန်းများ၊ ထိရှလွယ် သောနေရာဌာနများဝန်းကျင်ကို မလိုအပ်ဘဲ မသွားရောက်ကြရန် အစ္စရေးရှိ တရုတ်သံရုံးက တိုက်တွန်းထားသည်။
“စိတ်အေးအေးထားပါ၊ သတိရှိပါ” ဟု သံရုံး၏ WeChat အကောင့် ကြေညာချက်တွင် ပြောဆိုထားပြီး နိုင်ငံသားများအနေဖြင့် ဒုံးကျည်များ၊ ဒုံးပျံများ၊ ဒရုန်းများနှင့် အခြားတိုက်ခိုက်မှုများကို ကာကွယ်ရန် ပြင်ဆင်ထားကြရေး သတိပေးထားသည်။
အီရန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ၎င်းနိုင်ငံသားများကို သီးခြားသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပေါ်တိုးတက်မှုများအပေါ် အလေးဂရုပြုရန်၊ ၎င်းတို့၏ လုံခြုံရေးဆိုင်ရာအသိပညာနှင့် ကြိုတင်ကာကွယ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်၊ အတိမ်းအစောင်းမခံသောနေရာများနှင့် လူစည်ကားရာနေရာများကို သွားရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
အီရန်နိုင်ငံကို အဏုမြူလက်နက် မထုတ်လုပ်နိုင်အောင် တားဆီးမည့် ရေရှည်စစ်ဆင်ရေးဖြစ်သွားနိုင်သော တိုက်ခိုက်မှုကို စတင်လိုက်ပြီး အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အဦများ၊ ပဲ့ထိန်းဒုံးကျည်စက်ရုံများနှင့် စစ်ဘက်တပ်မှူးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက သောကြာနေ့တွင် ပြောကြားခဲ့သည်။
Ref: အယ်လ်အာရေဗျအင်းဂလိစ်