ဝါရှင်တန်၊ မတ်လ ၁၈ ရက်
အမေရိကန်ဗဟိုဘဏ် သည် ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ရာ၌ ၁၁ မဲ – ၁ မဲဖြင့် အခြေခံအတိုးနှုန်းကို ၃.၅% မှ ၃.၇၅% အတွင်း၌သာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ဆက်လက်ရှိနေခြင်းနှင့် အမေရိက-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲကြောင့် ဖြစ်ပေါ်လျက်ရှိသည့် မရေမရာဝေဝါးမှုများကြားမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အတိုးနှုန်းကို မပြောင်းလဲဘဲထားရန် ဆုံးဖြတ်ချက်မှာ ဈေးကွက်၏ မျှော်မှန်းချက်နှင့် ကိုက်ညီသော်လည်း ဗဟိုဘဏ်တာဝန်ရှိသူများက ရှေ့တွင် အတိုးနှုန်းလျှော့ချမှုအချို့ ရှိလာနိုင်သေးကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ဗဟိုဘဏ်၏ “dot plot” ခန့်မှန်းချက်အရ ယခုနှစ်အတွင်း အတိုးနှုန်းတစ်ကြိမ် လျှော့ချနိုင်ပြီး ၂၀၂၇ ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် လျှော့ချနိုင်သည်ဟု ညွှန်းဆိုနေသည်။ သို့သော်လည်း လမ်းညွှန်မှုပေးသည့် (FOMC) အရာရှိ ၁၉ ဦးအနက် ၇ ဦးက ယခုနှစ်အတွင်း အတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်လက်ထားရှိရန် မျှော်လင့်ထားကြသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်း ပါဝဲလ် က လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲသည် ကုန်ဈေးနှုန်းနှင့် အလုပ်လက်မဲ့နှုန်းအပေါ် မည်သို့သက်ရောက်မည်ကို ပြောရန် စောလွန်းသေးကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါသည်။
“တိုတောင်းတဲ့ကာလမှာတော့ စွမ်းအင်ဈေးနှုန်း မြင့်တက်လာတာက ကုန်ဈေးနှုန်းကို အထက်သို့ တွန်းပို့ပါလိမ့်မယ်။ ဒါပေမဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရဲ့ အတိုင်းအတာနဲ့ ကြာချိန်ကို သိဖို့ကတော့ စောလွန်းပါသေးတယ်။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ ရောက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ပွဲ သုံးပတ်နီးပါး ကြာလာသည်နှင့်အမျှ ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်တွင် ရှိနေသည်။ ဗုဒ္ဓဟူးနေ့တွင် အီရန်၏ စွမ်းအင်စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဘရန့်ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၁၀ ဒေါ်လာနီးပါးအထိ မြင့်တက်သွားခဲ့သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟာမုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် အီရန်၏ ကြိုးပမ်းမှုကြောင့် ဈေးကွက်များ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ အမေရိကန် မော်တော်ယာဉ်အသင်း၏ အဆိုအရ အမေရိကန်ရှိ ဓာတ်ဆီဈေးမှာ လွန်ခဲ့သော တစ်လနှင့်နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်းခန့်မြင့်တက်သွားပြီး ဗုဒ္ဓဟူးနေ့တွင် တစ်ဂါလန်လျှင် ၃.၈၄ ဒေါ်လာအထိ ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပင် ရှယ်ယာဈေးကွက်များမှာလည်း မတည်မငြိမ်ဖြစ်နေပြီး ဗုဒ္ဓဟူးနေ့တွင် Dow Jones ညွှန်းကိန်း ၁.၆%၊ S&P 500 ညွှန်းကိန်း ၁.၄% နှင့် Nasdaq ညွှန်းကိန်း ၁.၅% အသီးသီး ကျဆင်းခဲ့သည်။
စီးပွားရေးပညာရှင်များကမူ ဗဟိုဘဏ်၏ ယခုကဲ့သို့ သတိကြီးစွာ ထိန်းကျောင်းသည့် ချဉ်းကပ်မှုကို ထောက်ခံကြပြီး ကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်သဖြင့် အတိုးနှုန်းကို မလျှော့ချသင့်သေးကြောင်း သုံးသပ်ကြသည်။
Ref: ရှင်းဟွာ
