စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝါဝါမောင်တို့ သည် ယနေ့ သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား နေပြည်တော်တွင် သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
ဝန်ကြီးဦးမင်းနောင်နှင့် အီဂျစ်သံအမတ်ကြီးတို့ သည် မြန်မာနိုင်ငံနှင့်အီဂျစ်နိုင်ငံကြား ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်များ၊ ဝါသီးနှံကဏ္ဍဖွံ့ဖြိုးရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံလယ်ယာသားငါးထွက်ကုန်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် စိုက်ပျိုးရေးသွင်းအားစုများ အပြန်အလှန်တင်သွင်း/တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးဒေါက်တာဝါဝါမောင်နှင့် အီဂျစ်သံ အမတ်ကြီးတို့တွေ့ဆုံချိန်တွင်လည်း မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမြှင့်တင်ရန်ရည်ရွယ်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာ-အီဂျစ် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပနိုင်ရေးနှင့် ယင်းဖိုရမ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ညီနောင်အသင်းများနှင့် အီဂျစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်နိုင်ရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်း၊ ဝါနှင့်ချည်မျှင်ဆင့်တက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာလွှဲပြောင်းရယူနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
