အိမ်ရှင် တရုတ်နိုင်ငံအပါအဝင် လာအိုနှင့် မလေးရှားအသင်းတို့ကို မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းက အနိုင်ရယူကာ ယနေ့ ဇွန်(၂)ရက်တွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဇွန်(၁)ရက်က စတင်ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဥ်များအတွင်း မြန်မာလက်ရွေးစင် အမျိုးအသား/သမီး အသင်းအနေဖြင့် အိမ်ရှင်တရုတ်အပါအဝင် လာအိုနှင့် မလေးရှားအသင်းတို့အား (၂)မှတ်အသာများဖြင့် အသီးသီးအနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည် တရုတ်နိုင်ငံ Huishui မြို့၌ ကျင်းပနေသည့် China-Asean Cup 2025 ပြိုင်ပွဲအတွင်း အာဆီယံ(၈)နိုင်ငံ အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအား ဇွန်လ (၁)ရက်မှ (၄)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂) သင်း ပါဝင်ယှဥ်ပြိုင်လျက်ရှိကာ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃)ယောက်တွဲနှင့် (၄)ယောက်တွဲပြိုင်ပွဲ နှစ်ရပ်ကို ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။