ဒေသတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေချိန်တွင် ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းခုတ်မောင်းသော သင်္ဘောများပေါ်၌ မိမိနိုင်ငံ၏ သင်္ဘောသားများကို တာဝန်မပေးရန် သင်္ဘောပိုင်ရှင်များ၊ သင်္ဘောမန်နေဂျာများနှင့် အလုပ်ခန့်ထားရေးကုမ္ပဏီများကို အိန္ဒိယအစိုးရက ညွှန်ကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သင်္ဘောသားထောက်ပံ့သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလိုင်းများတွင် သင်္ဘောသား ၃ သိန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။
နောက်ထပ် ညွှန်ကြားချက်မထုတ်မချင်း ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းခုတ်မောင်းသည့် သင်္ဘောများပေါ်တွင် အိန္ဒိယသင်္ဘောသားများကို တာဝန်မပေးရဟု ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်၌ သင်္ဘောလုပ်ငန်းညွှန်ကြားရေးမှူးချုပ်ရုံးက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ ပြီးခဲ့သည့် သုံးရက်အတွင်း ဒေသတွင်းရှိ သင်္ဘောများ တို-က်ခိုက်ခံရမှုဖြစ်ပွားခဲ့ရာ၌ အိန္ဒိယသင်္ဘောသား နှစ်ဦး ေ-သဆုံးခဲ့သည်။
မကြာသေးမီကဖြစ်ပွားခဲ့သည့် သင်္ဘောများ တို-က်ခိုက်ခံရမှုများကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင် သွားလာလှုပ်ရှားနေသော ကုန်သွယ်သင်္ဘောများနှင့် သင်္ဘောသားများ ရင်ဆိုင်ရသည့် အန္တရာယ်များကို သိသိသာသာ မြင့်တက်စေသည်ဟု သင်္ဘောပို့ဆောင်ရေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။
ပါရှန်ပင်လယ်ကွေ့ဒေသတွင် လုံခြုံရေးအခြေအနေ မြင့်တက်လာသည်ကို ထောက်ရှု၍ ဒေသတွင်း ခုတ်မောင်းနေသော သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယသင်္ဘောသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ တိုးမြှင့်ထားသော ကြိုတင်ကာကွယ်မှု အစီအမံများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ညွှန်ကြားရေးမှူးချုပ်ရုံးက ယူဆပါသည်ဟု ညွှန်ကြားချက်တွင် ဖော်ပြခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
